ကားကျပ်ချိန် တိမ်အုံမည်းလို့
အံခဲပြီး ပြေးတဲ့ဟန်။
ကိုလေးမောင် ငါးဖောင်ရိုးက
တိုးဝှေ့လို့ပြန်။
မိုးသက်လေက ခြေနဲ့ကန်
ငါးဆယ်တန် လေနဲ့မျော။
စပယ်ယာတွေ ပိတ်ပိတ်ဟောက်တော့
ကြောက်စိတ်နဲ့မော။

ဘတ်စ်ကျားကြီး ဝုန်းဒိုင်းကြဲလို့
မိုးသည်းအောက် ဖြတ်လို့လာ။
ထီးဖြူရှင် ချိုင့်တစ်လုံးနဲ့
သုတ်သုတ်ပြာပြာ။
မြို့ထဲဘက် အဖြတ်မှာ
ဘတ်စ်ကားပေါ် တက်ကာပြေး။
ကိုလေးမောင် မျက်ထောင့်လေးနဲ့
စောင်းကြည့်တယ်လေး။

မိုးတိတ်လို့ ဂိတ်အဝင်
တိမ်စင်တဲ့တေး။
ကိုလေးမောင် လစ်ကာပြေးခဲ့
ထီးဖြူတဲ့လေး။

Tags: , ,

· · · ◊ ◊ ◊ · · ·

လယ်တောကပြန်

ပန်ချင်တယ်ခရေဖူးဆိုလို့

မောင်ခူးကာပေး။

မနက်တုန်းဆီက

ကြော့ဆုံးကို မောင်မြင်တော့

သူ့ဆံပင် နှင်းဆီပွင့်တွေနဲ့

ဂုဏ်တင့်တယ်လေး။

 

မင်းသုဝဏ်၏ ကဗျာတစ်ပုဒ်ဖြစ်သည်။ ရိုးရိုးနှင့် ယဉ်သောကဗျာဟုဆိုသော် ရကောင်း၏။ မိန်းမပျိုကို အမည်နာမ၊ နာမ်စားအားဖြင့် ထည့်မရေးထားစေကာမူ မိမိ၏ ချစ်သူကို ဆိုလိုမှန်း သိသာသည်။ ကဗျာ၏ တိုက်ရိုက်အဓိပ္ပါယ်မှာ ချစ်သူက ပန်ဆင်လိုသောကြောင့် လယ်တောကအပြန်တွင် ခရေဖူးကို ခူးလာပါသည်။ နောက်နေ့မနက်တွင်ကား ခရေအစား နှင်းဆီပွင့်ကို ပန်ဆင်လာသည် ဟူ၍ဖြစ်သည်။

ဤနေရာတွင် ခရေပွင့်ဟူသည် ကောက်ရမြဲမဟုတ်လောဟူသော မေးခွန်းပေါ်လာသည်။ အဘယ်ကြောင့်ခူးရပါသနည်းဆိုသော် မြေတွင်ကျနေသော အကြွေပန်းကို ချစ်သူအား မပန်ဆင်စေလိုသောကြောင့်ဟု ယူရန်ရှိသည်။ အပင်ပေါ်တက်၍ ခဲခဲယဉ်းယဉ်းခူးလာရသော ခရေဖူးများဖြစ်သည်။ ခရေဖူးဖြစ်မှသာလျှင် ရေတွင်စိမ်ထားပါက နောက်နေ့နံနက်တွင် ပန်ဆင်နိုင်သော ခရေပန်းအဖြစ် ပွင့်လာမည် ဖြစ်သည်။

ကြော့ဆုံးဟူသော အသုံးသည် ချစ်သူ၏ လှပကြော့ရှင်းပုံကို ဖော်ပြသော စကားစုဖြစ်သည်။ အလှပအကြော့ရှင်းဆုံးဖြစ်သော ချစ်သူသည် ခရေပွင့်တို့ကို ပန်ဆင်လာရမည့်အစား နှင်းဆီပွင့်တို့ကို ပန်လာသည်။ မိမိ၏စေတနာကို ထိခိုက်ခံစားစေသော လုပ်ရပ်ဖြစ်သည့်တိုင် စိတ်မနာရက်။ ဂုဏ်ရှိန်မြင့်၍ တင့်တယ်လှပါပေသည်ဟု မုဒိတာ ပွားနေနိုင်သေးသည်။

ကဗျာပါ ဇာတ်ဆောင်၏ အလုပ်အကိုင်မှာ သူရင်းငှားဖြစ်သည်ဟု မှန်းဆကြည့်မိသည်။ ချစ်သူမိန်းမပျိုမှာမူ လူကုံထံ သူဌေးသမီးဖြစ်ပုံရသည်။ ချစ်သူ၏ အလိုကိုတတ်စွမ်းသရွေ့ ဖြည့်ပေးသော်ငြား မိန်းမပျိုသည် ဂုဏ်မြင့်သူကို ရွေးချယ်သွားပုံရလေသည်။ ယင်းကိုပင် ချစ်သူအတွက် ကောင်းလှပေသည်ဟု ငေးကြည့်နေပုံ ရလေသည်။

ယခုရည်ရွယ်ရင်းမှာ ကဗျာကို အနက်ဖွင့်ရန်မဟုတ်။ မိမိ၏ အမြင်ကို တင်ပြလိုရင်းဖြစ်သည်။ ကဗျာကိုဖတ်ရင်း အဆွေးဓာတ်ခံရှိသူ၊ တိုက်ဆိုင်မှုရှိသူတို့ လှိုက်လှိုက်လှဲလှဲခံစားကောင်း ခံစားကြမည်ဖြစ်သည်။ သို့တိုင် ဘဝင်မကျမိ။ နှင်းဆီလိုချင်သောချစ်သူကို အဘယ်ကြောင့် နှင်းဆီမပေးနိုင်ရမည်နည်း။ ယောကျာ်းဘသားပင် မဟုတ်ပါလော။ ဤတွင် ခန်းဆီးနောက်ကွယ်ကို လှည့်ပတ်ကြည့်မိလေသည်။

ဇာတ်လမ်းအစအဆုံး မိန်းမပျို၏ သစ္စာမဲ့မှုဟု မြင်လာသည်။ မိမိကိုချစ်သောသူကိုပင် လှည့်ဖျားရက်သူဖြစ်သည်။ ခဲခဲယဉ်းယဉ်း အပင်ပေါ်တက်ကာ ခရေဖူးအခူးခိုင်းပြီး ဒုက္ခပေးသူဖြစ်သည်။ ညနေစောင်း လယ်တောမှအပြန် ပင်ပန်းနေသူကိုပင် မညှာမတာ ခိုင်းနိုင်ရက်သည်။ နောက်နေ့မနက်တွင်မူကား ခရေကိုဘေးဖယ်၊ နှင်းဆီကိုပန်ပြလိုက်ခြင်းအားဖြင့် အဆုံးစွန် စော်ကားပြလိုက်ချေပြီ။ မူလကပင် နှင်းဆီကို ပန်လိုသည်ဆိုသော် မရရအောင် ရှာကြံနိုင်မည်သာ ဖြစ်သည်။ အပြောတမျိုး အလုပ်တခြား ရက်စက်နိုင်အားလှသူ မာယာရှင်ဖြစ်ပေသည်။

ယခုမူကား

သူတအား

လှည့်ဖျားရက်လေသည်တကား။

Tags: , , , ,

· · · ◊ ◊ ◊ · · ·

မိုးရေတက်ရေ တဖွေးဖွေး
ကွင်းကျယ် အဝေးဝေး၊
လယ်စောင့်တဲလေး ခြေတံရှည်
မိုးကုပ်အောက်မှာတည်၊
ကြာနီတစ်ပွင့် ဖြူတစ်ပွင့်
တဲနှင့် ပနံသင့်။ ။
မင်းသုဝဏ်

ဆရာဝဏ်က ဒီကဗျာကို သူ့ငယ်ဘဝအတွေ့အကြုံပေါ် အခြေခံပြီး စပ်ထားပုံရသည်။ ကဗျာက လွယ်သည်၊ ရှင်းသည်။ မြင်ကွင်းကို ကွင်းကနဲ မြင်ယောင်လာအောင် စွမ်းဆောင်နိုင်သည်။ ကဲ ကဗျာနောက်ကွယ်က အခြေအနေတွေကို တွေးဆစဉ်းစားကြစို့။

မိုးရေတက်ရေ ဆိုတဲ့ စကားလုံးက စတွေးကြမည်။ မိုးရေဆိုတဲ့အတွက် မိုးရွာထားလို့ လျှံနေတဲ့ရေတွေကို ဆိုလိုသည်။ ဒီတော့ မိုးတွင်းပေါ့။ တက်ရေဆိုတာ ဘာလဲ။ ဒီရေလား။ ဒီရေတော့ မဖြစ်နိုင်။ ဒီရေတက်လို့ကတော့ လယ်ပျက်ရုံသာ ရှိမည်။ ဒီတော့ အမြင့်ပိုင်းက မိုးကြောင့်တက်လာတဲ့ ရေတို့ လယ်ထဲကို စီးဝင်လာတာဖြစ်မည်။ သူ့နောက်က ကပ်ပါလာတဲ့စကားလုံးက တဖွေးဖွေး။ ဘာလို့တဖွေးဖွေးဖြစ်ရတာလဲ။ ငြိမ်နေတဲ့ရေကတော့ တဖွေးဖွေးမဖြစ်တာ သေချာသည်။ ဒီတော့ လေပြည်မြူးလို့ ထလာတဲ့ လှိုင်းကြက်ခွပ်တွေ အရောင်ဟပ်ရာက၊ မိုးစက်ကျရာတို့က တဖွေးဖွေးဖြစ်လာတာဖြစ်မည်။ ရေပြည့်နေတဲ့ လယ်ကွင်းကျယ်ကြီးကို ကွင်းကျယ်အဝေးဝေးလို့ သုံးထားသည်။ ကွင်းအကျယ်ကြီးကို မြင်ယောင်နိုင်တာပေါ့။ တဆက်တစပ်တည်းဖြစ်နေသည့်အတွက် ကန်သင်းရိုးမြုပ်လောက်အောင် ရေတက်နေသည်။ စပါးပင်တွေ မရှိသေး။ ဒီတော့ ဒါဟာ မိုးဦးကာလကို ရည်ညွှန်းတာပဲ။ ဆရာမင်းယုဝေကတော့ ပင်လယ်ကြီးနှင့်နှိုင်းသည်။ ကျယ်ပြန့်ပုံကို ထပ်တူပြုလိုခြင်းဖြစ်မည်။ ကျွန်တော်ကတော့ ပင်လယ်နှင့် ရေတက်နေသော လယ်ကွင်းတို့ နှိုင်းမရ။ သူ့အလှ၊ သူ့ခံစားချက်နှင့်သူ ရှိကြသည်ဟု ထင်သည်။

ဒီကွင်းလယ်မှာ လယ်စောင့်တဲလေးက ထီးထီးရှိနေသည်။ ဘာလို့ထီးထီးရှိတယ်လို့ သုံးရသလဲဆိုတော့ မိုးကုပ်အောက်မှာတည်ဆိုတဲ့ စာကြောင့်။ ပန်းချီကားတစ်ချပ်သာဆိုရင် ရေပြင်နဲ့ကောင်းကင် ထိစပ်နေတဲ့မျဉ်းကိုဖြတ်ပြီး ခြေတံရှည်ရှည် လယ်စောင့်တဲလေးက ထိုးထိုးထောင်ထောင် ထွက်နေပုံဖြစ်မည်။ အထီးကျန် လယ်စောင့်တဲလေးပေါ့။ လယ်စောင့်တဲလေးရဲ့အနီးတဝိုက်မှာ ကျိုးတိုးကျဲတဲ ကြာသုံးလေးပွင့်ရှိသည်။ ရေအတက်မှာ ရုတ်ချည်းပွင့်လာရတဲ့ ကြာကျပန်းတွေဆိုတော့ ကြွားကြွားဝင့်ဝင့် ငွါးငွါးစွင့်စွင့် ပွင့်နိုင်မည်မထင်။ ပန်းမည်ရုံ ကြာပေါက်စနလေးတွေသာ ဖြစ်မည်။ အရောင်ကလည်း အနီတစ်ပွင့် အဖြူတစ်ပွင့် မညီမညာနှင့် ခရိုးခရိုင် လယ်စောင့်တဲလေး၏ အထီးကျန်မှုကို လိုက်ဖက်စွာ အားဖြည့်ထားသည်။

ဒီလို အထီးကျန်လယ်စောင့်တဲလေးမှာ အထီးကျန် လယ်စောင့်လေးတစ်ယောက် ရှိရင်လည်း ရှိမှာပေါ့လို့ တွေးမိသည်။ ဒါပေမယ့် မိုးဦးကာလ ပျိုးတောင်မချသေးတဲ့အချိန်။ ဘယ်သူက ဘာတွေကိုလာစောင့်မှာလဲလို့ တွေးမိတော့ ကိုယ့်စိတ်ကူးကိုယ် ရယ်ချင်ပက်ကျိ ဖြစ်သွားသည်။

Tags: , , ,

· · · ◊ ◊ ◊ · · ·