အပြင်လူ

12 Nov 2007
ဟိုး….. ရှေးရှေးတုန်းက ယုန်နဲ့လိပ်တို့ လမ်းမှာ ဘာကြောင့်ရယ်မသိ ဆုံမိကြသတဲ့။ အဲဒီမှာတင် ယုန်ကလိပ်ကို အပြေးပြိုင်ဖို့ စိန်ခေါ်ပါလေရော တဲ့။ ကဲ… ကြည့်။ အဲဒါကိုက အဓိပ္ပါယ် မရှိတာ။ ဘယ့်နှယ်ဗျာ။ ယုန်နဲ့လိပ် အပြေးပြိုင်ရင် ဘယ်သူနိုင်မလဲ ဆိုတာ အသိသာကြီး။ ဒါ လိပ်မှာ မသမာတဲ့ အကြံရှိလို့ သူကစပြီး စိန်ခေါ်တာ ဖြစ်ရမယ်။ အင်း ဒါပေမယ့် အပြင်လူ သက်သေမရှိတော့ စာအုပ်ထဲမှာ ပါတဲ့အတိုင်း ယုံရတော့တာကလား။ 

အဲဒါနဲ့ အပြေးစပြိုင်ကြပါလေရော တဲ့။ ဒီနေရာမှာ ခဏရပ်၊ စဉ်းစားကြည့်။ ဒိုင်လူကြီး တစ်ယောက်တောင် မရှိဘဲ အပြေးပြိုင်ကြသတဲ့ဗျာ။ အဓိပါယ် မရှိတာ။ သိတဲ့အတိုင်း ယုန်က ရှေ့က အပြတ်အသတ်ပေါ့။ ပန်းဝင်ခါနီးမှာ အင်မတန် စိတ်ကောင်းရှိတဲ့ ယုန်က တရားမျှတစွာ ယှဉ်ပြိုင်ရအောင် ခဏလှဲစောင့်သတဲ့။ ဒါပေမယ့် ဟိုလိပ်ပုတ်က ကြိုပြီးအိပ်ဆေးခတ်ထားတယ်နဲ့ တူပါတယ်ဗျာ။ ယုန်ကလေးခမျာ နှစ်နှစ်ခြိုက်ခြိုက် အိပ်မောကျသွားပါလေရောလား။ အဲဒီမှာတင် လိပ်ပုတ်က တုန်ချိချိနဲ့ ပန်းဝင်သွားပါလေရော တဲ့။ ဒါကလည်း သူ့အပြောပါ။ တကယ်ပန်းဝင်တာလည်း ဟုတ်ချင်မှ ဟုတ်မှာ။ ဒါပေမယ့် သဘောကောင်းတဲ့ ယုန်ကလေးဟာ ဘာတခွန်းမှ စောဒကမတက်ဘဲ အရှုံးကို ဝန်ခံလိုက်သတဲ့။ အင်မတန်မှ သဘောထားကြီးတဲ့ ယုန်ပေါ့။ ဘာပဲဖြစ်ဖြစ် ဒီလုပ်ဇာတ်ဟာ လိပ်တွေရဲ့ ကျောင်းသုံးစာအုပ် ပထမဆုံး စာမျက်နှာ ဖြစ်နေတာတော့ အနော်တို့ ယုန်မျိုးနွယ်တွေရဲ့ သိက္ခာကို ထိပါးစေတာ အမှန်ပဲ။

ဒီတော့ ဒီကနေ့ဟာ သမိုင်းကိုတစ်ကျော့လှန်၊ ပထဝီကိုဆွဲထုတ်၊ တွေ့သမျှကူးချ အဲလေ ဒီကနေ့ဟာ သမိုင်းကို တစ်ကျော့လှန်ပြီး ယုန်နဲ့ လိပ်တို့ရဲ့ အနိုင်အရှုံးကို ပြောင်းပြန် လုပ်ပစ်မယ့် နေ့ပေါ့။

ပြီးခဲ့တဲ့ တစ်ပတ်က ဒီကနေ့ အပြေးပြိုင်ကြဖို့ အနော်နဲ့ မျက်ကြောမတည့်တဲ့ လိပ်ငပျင်းကို သွားစိန်ခေါ်တော့ သကောင့်သားက မဆိုင်းမတွ လက်ခံလိုက်သဗျ။ ဒီကောင့်မျက်နှာက မချိုမချဉ်နဲ့ ဘာအကြံတွေ ရှိနေလဲတော့ မသိဘူး။ ဒီလိပ်မျိုးလိပ်နွယ်တွေက သိပ်တောက်ကျင့်ကောင်းတာ မဟုတ်ဘူး။ ဒါနဲ့ အနော့ဘက်က စိတ်ချရအောင် တစ်ပတ်လုံးလုံး စားလိုက်အိပ်လိုက်နဲ့ ပြင်ဆင်လေ့ကျင့်နေရတာ အားတယ်လို့ မရှိပါဘူးဗျာ။

ရှေးရှေးတုန်းကလို မဖြစ်အောင် အပြင်လူတစ်ယောက်ယောက် အဲ တစ်ကောင်ကောင် သက်သေပါမှ ဖြစ်မယ်လို့ တွေးမိတယ်ဗျ။ ဒါနဲ့ ခွေးနှစ်ကောင်ကိုက်တိုင်း အခမဲ့ ဒိုင်လုပ်ပေးနေကျ ဇီးကွက်ကြီးဦးမဟာကို အနော်တို့ပြိုင်ပွဲမှာ ဒိုင်လုပ်ပေးဖို့ ဖတ်ကြားခဲ့ပါတယ်။ အင်း ဒိုင်ဆိုတော့ နည်းနည်းပါးပါး ဂါရဝပြုသင့်တာပေါ့ လို့တွေးမိပြီး လက်ဆောင်ထုပ်လေးနဲ့ ထုံးစံအတိုင်း အိမ်တိုင်ရာရောက် သွားပြီး နောက်ဖေးပေါက်က ဝင်ခဲ့မိတယ်။ အဲဒီမှာတင် လားလား ဟိုလိပ်ငနဲသားက လက်ဆောင်ထုပ်ကြီးနဲ့ ကြိုရောက်နေပါရောလား။ တော်တော် တောက်ကျင့်တန်တဲ့လိပ်။ ရိုးရိုးသားသား ယှဉ်ပြိုင်ဖို့ မကြိုးစားဘူး။ တောက်ညင့်ကတ်ကတ်နဲ့ အချင်းချင်း မမြင်ချင်ဟန်ဆောင်ပြီး ပုခုံးချင်းဝင်တိုက်ခဲ့တာ ငနဲသားက လိပ်ခွံကြီးနဲ့ဆိုတော့ ပုခုံးတောင် အောင့်သွားတယ်။ ဟင်း သိမယ်၊ နေနှင့်အုံး။

ကဲ ဒီကနေ့တော့ ပုဝါမကူ ရေမရှုစတမ်း တွေ့ကြသေးတာပေါ့။ အမယ် ငနဲသားက မမှုသလိုလိုနဲ့ သူ့ရဲ့မရှိတဲ့ခါးကို လိမ်ချိုးနေသေးတယ်။ ဟင်းဟင်း ဒါလောက်တော့ ဂရုမစိုက်ပါဘူး။ ဒင်းရှုံးမှာ ကြိုသိနေတယ်လေ။
မကြာပါဘူး။ ဇီးကွက်ကြီးဦးမဟာ ကွတကွတနဲ့ ရောက်လာပါလေရော။

“ကဲကဲ လောင်းကြေးတွေ ထုတ်ကြ”

အဲဒီနောက် ဦးမဟာက သူ့မျက်လုံးနှစ်ဆလောက်ရှိတဲ့ မျက်မှန်ကိုပင့်ပြီး ဝါးကနဲ တစ်ချက်သမ်းလိုက်တယ်။ အဲဒါ ပြိုင်ပွဲစပြီလို့ အချက်ပေးတာပဲ။

“ဝှစ်”

အဟိ လိပ်ငနာတော့ နောက်မှာ အပြတ်အသတ်ကျန်ခဲ့ပြီထင်… အင်… အနော့ဘေးမှာ ကပ်ပါလာပါကလား။ လားလား ဒင်းမှာ ကုလားမခြေထောက်ကြီးနဲ့။ စပ်ဖြီးဖြီးနဲ့ ပြောလိုက်သေး။

“ အဟီး ကုလားမခြေထောက် မသုံးရဘူးလို့ မပြောထားဘူးလေ”

“ သြော် ဂလိုကြေးလား ရတယ်”

အနော်လည်း လမ်းဘေးကခြုံထဲမှာ အသင့်ဝှက်ထားတဲ့ ဘိုင်စကယ်ကို ပြေးခွလိုက်တယ်။

“ ဟေ့ ဟေ့ ဘယ်လိုလုပ်တာလဲ”

“ ဟီးဟီး ဘိုင်စကယ်မပါဘူးလို့ မကျောထားဘူးလေ”

အဲမှာတင် လိပ်ပုတ်က ဘီးခွေထဲ သူ့ကုလားမခြေထောက်ကြီး ထိုးထည့်လိုက်ပါလေရော။

“ ဂျုန်း”

“ ဟာ တော်တော် အကျင့်ပုတ်တဲ့ကောင်”

“ မင်းကော ဘာထူးလဲ”

“ ဝုန်း… ဖုန်း…. ခွပ်”

အနော်နဲ့ လိပ်ငပျင်း နှစ်ကောင်သား ဆဲဆိုလုံးထွေးပြီး သတ်ပုတ်နေတာ ပန်းတိုင်နား ရောက်တဲ့ထိပဲ။ အဲမှာ ဦးမဟာကိုလည်း မတွေ့။ နှစ်ကောင်သား သူ့ထက်ငါဦးအောင် ပန်းတိုင်ထိပ်က အလံကို ဆွဲလုလိုက်တယ်။

“ဗြိ”

အလံက နှစ်ပိုင်းပြဲပြီး လိပ်ငပျင်းဆီ တစ်ပိုင်းပါသွားတယ်။ အလံပေါ်မှာ ချောက်တီးချောက်ချက် လက်ရေးနဲ့ စာရေးထားတယ်။

ငွေတွေ
းပြီ
တာ
ဟာ

တန်တော့ ဒါလောင်းကြေးတွေဝှက်ထားတဲ့ နေရာပဲဖြစ်ရမယ်။ လိပ်ငနာကို မသိမသာငဲ့ကြည့်လိုက်တော့ ဒင်းက ပေစောင်းစောင်း ပြန်ကြည့်ပြီး သူ့ဟာကို လိပ်ခွံထဲ ထိုးထည့်လိုက်တယ်။ ငါးမိနစ်လောက် တစ်ကောင်နဲ့တစ်ကောင် ကွက်ကြည့်ကွက်ကြည့်လုပ်နေပြီးမှ ဒင်းကစပြောလာတယ်။

“ ဟေ့ရောင် မင်းစာကိုပြ”

“ မရဘူး မင်းစာကိုအရင်ပြ”

“ ဒီလိုလုပ် အတူတူ ကြည့်မယ်”

“ အေး”

အနော်တို့စာကို ဆက်စပ်လိုက်တော့ ဂလိုဂလိုရပါတယ်။

အဟိ နာ ငွေတွေ
ယူပြေးပြီ
တာ့တာ
မဟာ

လည်လှပါတယ်ဆိုတဲ့ အနော်တို့နှစ်ကောင်လည်း ရှက်ရှက်နဲ့ ဒီကိစ္စကို ဘယ်သူမှ မပြောဖို့ သဘူတောလိုက်ကြတယ်။ ဟင်း နောက်ဆုံးတော့ ငွေဆုံးတာပဲ အဖတ်တင်တယ်။ တောက်… အဲဒါကြောင့်ပြောတာ… အပြင်လူကို ယုံပါနဲ့ဆို။

Tags: , ,

· · · ◊ ◊ ◊ · · ·