လွမ်း

12 Nov 2007

မနက်စောစော မြူတွေဝေလာပြီဆိုရင် ကျွန်တော် ဖြူ့ကို သတိရတယ်။ သူ့အကြည့်၊ သူ့အသံ၊ သူ့ဟန်ပန်လေးတွေကို သတိရမိတယ်။

ဆောင်းဦးရဲ့ မနက်စောစောမှာ သူ့ကိုစတွေ့ခဲ့တာပေါ့။ သူ့အသံကလည်း ချစ်စရာလေး။ ချမ်းချမ်းနဲ့ တုန်နေတဲ့ သူ့ပုံလေးကိုက တကယ့်ကို ပိုက်ထွေးချင်စရာ။ ဖြူဆိုတဲ့ နာမည်ကိုလည်း ကျွန်တော်ကပဲ ပေးခဲ့တာလေ။ ကျနော့ကိုတွေ့ပြီဆိုရင် ဖြူကလည်း ဣန္ဒြေမဆည်နိုင်တော့ဘူး။ ကလေးပီပီ ကျွန်တော်တို့ တူတူဆော့နေတာပဲ တွေ့ရမှာပေါ့။ ဒါပေမယ့် တခြားအပေါင်းအသင်းတွေထက် ဖြူ့ကိုပဲ ပိုချစ်မိတယ်။

ဖြူနဲ့ ကျွန်တော်ရဲ့ ခင်မင်မှုသက်တမ်းဟာ တစ်နှစ်လောက်ပဲ ခံခဲ့ပါတယ်။ ကျွန်တော် တစ်နယ်ခြားကို သွားရတော့မယ်။ သူငယ်ချင်းတွေကို လိုက်နှုတ်ဆက်ခဲ့ပေမယ့် ဖြူနားလည်အောင် ကျွန်တော်ဘယ်လိုပြောရမလဲ။ ဝမ်းနည်းစိတ်နဲ့ မျက်ရည်ကျမိသလား။ မမှတ်မိတော့ပါ။

ကျွန်တော်သွားမယ့်မနက်မှာ မြူတွေမှိုင်းနေခဲ့တယ်။ သင်္ဘောဆိပ်ကို ကျွန်တော်ရောက်တော့ ဖြူ့ကို ကျွန်တော်ရှာသေးတယ်။ မတွေ့ဘူး။ သင်္ဘောကြီးထွက်တော့မယ်။ ဆိပ်ခံတံတားပေါ်မှာ ဖြူဖြူအရိပ်ကလေး တွေ့လိုက်ရတယ်။ အဲဒါ ….. ဖြူ…..။ သင်္ဘောကြီး တရွေ့ရွေ့နဲ့ ကမ်းကခွာသွားသလိုပဲ ဖြူ့ပုံရိပ်ကလေးဟာလည်း မြူနှင်းတွေကြားထဲမှာ တစစ ပျောက်ကွယ်သွားတယ်။

ဖြူနဲ့ဝေးခဲ့ပေမယ့် ဖြူ့သတင်းကို ကျွန်တော် အမြဲနားစွင့်နေခဲ့ပါတယ်။ မနက်တိုင်း မနက်တိုင်းမှာ ဖြူဟာ ဆိပ်ခံတံတားပေါ်မှာ ကျွန်တော်ပြန်အလာကို စောင့်နေတတ်ပါသတဲ့။ တဖြည်းဖြည်းနဲ့ အရွယ်ရောက်လာလို့ ပိုးပန်းသူများလာတယ်ဆိုတဲ့ သတင်းကြားရတော့ မသင့်တော်တဲ့သူနဲ့ တွေ့သွားမှာ စိတ်ပူမိပါသေးတယ်။

မြူခိုးဝေတဲ့ မနက်ခင်းတစ်ခုမှာ မမျှော်လင့်ဘဲ ရောက်လာတဲ့ ဧည့်သည်တစ်ယောက်ဟာ သတင်းဆိုးကို သယ်ဆောင်လာပါတော့တယ်။ ဖြူ ကားတိုက်လို့ သေသွားရှာပြီ တဲ့။ ဒီသတင်းကို ကြားလိုက်ရချင်း ကျွန်တော်ဟာ မျက်ရည်တွေ ဝဲတက်လာပါတော့တယ်။ မသေခင်လေးမှာ ကျွန်တော်တို့နှစ်ယောက် ဆော့နေကျ လမ်းကြားထဲထိ တရွတ်ဆွဲ ဝင်လာခဲ့သေးတယ်တဲ့။ ကျွန်တော် တကယ့်ကို ငိုမိပါတော့တယ်။

ဒီနေ့မှာ ဖြူနဲ့ပတ်သက်တဲ့ ဒဏ်ရာ ကျက်ခဲ့ပြီလို့ ထင်ပေမယ့် လေအေးလေးသော့လာရင်၊ မြူလေးများဝေ့လာရင်၊ နှင်းတွေများကျလာရင် ဖြူ့ကို သတိရနေမိပါသေးတယ်။ သြော်… ဖြူ…။

အဲ… ဒါနဲ့ ပြောစရာတစ်ခုကျန်ခဲ့လို့။ ဖြူဆိုတာ ကျနော့ခွေးလေးဗျ။

Tags: , ,

· · · ◊ ◊ ◊ · · ·