C-O-P-Y ကိုယ်ပိုင်
18 Jul 2011ဒီနေ့အသိတစ်ယောက် FB မှာ လင့်တစ်ခုရှဲထားလို့ သွားဖတ်ဖြစ်ပါတယ်။ အဓိကက မူပိုင်ခွင့် ပြဿနာပါပဲ။ ဒီမူပိုင်ခွင့်အကြောင်း ပြောလည်းပြောခဲ့ကြပါပြီ။ ပြောလည်း ပြောနေကြတုန်းပါပဲ။ အွန်လိုင်းမှာ Image Search နဲ့ ရှာလို့ရလာတဲ့ ပုံတွေကို ကိုယ့် ဝဘ်ဆိုက်မှာ၊ ဘလော့မှာ သုံးကြပါတယ်။ ဒီထိအဆင်ပြေပါသေးတယ်။ နောက်တစ်ချို့က Photoshop အားကိုးနဲ့ ဟိုပြင်ဒီပေါင်းလုပ်ပြီး ပုံလေးတွေကိုသပြီး ပြန်တင်ကြပါတယ်။ ဒီထိလည်း ရပါသေးတယ်။ တချို့ကျတော့ ဒီလို အားကြိုးမာန်တက် ဖိုတိုရှော့ထားတာကို သူများတွေ အလွယ်ယူမသုံးစေချင်ကြပြန်ပါဘူး။ ဒီတော့ Copyrighted By ဆိုပြီး ကိုယ့်နာမည်လေး နောက်က ထည့်လိုက်ပါတော့တယ်။
ကိုသီဟက ရှက်တတ်ဖို့ လုပ်ရဦးမယ် ဆိုပြီး မြန်မာကျူတိုရီရယ်မှာ ရေးပါတယ်။ အဓိကက ဆော့ဝဲအကြောင်းပါ။ တစ်ယောက်က ဘာလို့ သူများပုံတွေနဲ့ ဘလော့မှာ တင်ထားတာလဲလို့ ထောက်ပါတယ်။ ဟုတ်ပေသားပဲလို့တွေးပြီး ကျွန်တော့ ဘလော့က အရင် အွန်လိုင်းကပုံတွေ ယူသုံးထားတာတွေ အကုန် လိုက်ဖြုတ်လိုက်ပါတယ်။ တစ်ခါတလေ ကိုယ့်ကိုယ်ကိုယ် Creativity ရှိတယ်လို့ ကြံဖန်တွေးချင်ရင် အစကအဆုံး ကိုယ့်ဟာကိုယ်ဆွဲထားတဲ့ ကိုယ့်ပုံကိုယ် သုံးတာ အကောင်းဆုံးပါပဲ။
အွန်လိုင်းက ပုံတိုင်း Copyright နဲ့ ကန့်သတ်ပြီး သုံးမရတာတော့ မဟုတ်ပါဘူး။ တချို့ပုံတွေမှာ Creative Commons License တွေ ပေးထားပါတယ်။ License Version အလိုက် အဲဒီပုံတွေကို ပြန်သုံးခွင့် ပြင်ဆင်ခွင့် ပြုတယ် မပြုဘူး၊ စီးပွားရေးလုပ်ငန်းတွေမှာ သုံးခွင့်ရှိတယ် မရှိဘူး စသည်ဖြင့် ကွဲပါတယ်။ လောလောဆယ်တော့ CC3 က အလွတ်လပ်ဆုံးပါပဲ။ ပြန်သုံးခွင့် ပြင်ဆင်ခွင့် ပြန်ဝေမျခွင့်အပြင် စီးပွားရေးလုပ်ငန်းတွေမှာပါ ပြန်သုံးခွင့် ရှိပါတယ်။ ဒါတောင် မူရင်းပုံရဲ့ Copyright က သူ့မူလပိုင်ရှင်ဆီမှာ ကျန်ပါသေးတယ်။ Fair Use – အများပြည်သူအကျိုးအတွက် ခြွင်းချက်နဲ့ သုံးခွင့်ပေးထားတဲ့ ပုံတွေ ရှိပါတယ်။ Copyrighted လုပ်ထားရင်တော့ မူရင်းပိုင်ရှင်က ခွင့်မပြုရင် ဘယ်မှာမှ သုံးမရပါ။ ခွင့်ပြုချက်နဲ့သုံးပြီးတဲ့ ပုံတွေရဲ့ မူပိုင်ခွင့်မှာတောင် “All Rights Reserved” ယူထားလို့မရပါ။ မူရင်းပိုင်ရှင်ရဲ့ ပုံ၊ ဒီဇိုင်းပိုင်းနဲ့ဆိုင်တဲ့ မူပိုင်ခွင့်က မူရင်းပိုင်ရှင်ဆီမှာသာ ရှိတာကြောင့် “Some Rights Reserved” သာ လုပ်နိုင်ပါတယ်။
ပြန်သုံးလို့ရတဲ့ပုံ ဟုတ်မဟုတ် သိချင်ရင် Google က Search Result တွေကို Filter လုပ်လို့ရတဲ့နည်း ရှိပါတယ်။ Google Image Search ထဲမှာ Advanced Search ကို နှိပ်လိုက်ပါ။ ပြန်သုံးရုံပဲ သုံးချင်တာဆိုရင် Usage Rights ထဲမှာ Labeled for Reuse ကို ရွေးပေးပါ။ ပုံကို ပြင်ပြီးမှ သုံးချင်တယ်ဆိုရင်တော့ Labeled for Reuse with Modification ကို ရွေးပေးပါ။
Otto de Voogd က ပြောတာက သူ့ပုံကို Aung က ယူသုံးထားတယ် Copyrighted By ဆိုပြီးတော့လည်း သူ့ဆိုက်လိပ်စာ ထိုးထားပါတယ်။ အဲဒါကို သူ့ဘလော့မှာ Copyright Image ကို ယူသုံးထားတာဖြစ်လို့ Copyrighted (All Rights Reserved) မတပ်သင့်ကြောင်း သွားကွန်းမန့်ပေးတော့ Aung က မဟုတ်ဘူး ငြင်းပါတယ်။ သူ့ကွန်းမန့်တွေကိုလည်း ဖျက်ပစ်ပါတယ်။ ကြောက်စရာ့ ဆင်ဆာပါပဲ။ နောက်ပိုင်း ကွန့်မန့်တွေကို Letters Page ကို ရွှေ့ထားတာ တွေ့ပါတယ်။ ဖြေရှင်းချက်ကတော့ ဒီပုံမှာ သုံးထားတဲ့ မူရင်းပုံတွေဟာ ပထမတစ်ကြိမ်မှာ သူကိုယ်တိုင် နဲ့ သူ့သူငယ်ချင်း ရိုက်ထားဖြစ်ကြောင်း၊ ဒုတိယတစ်ကြိမ်မှာ သူ့သူငယ်ချင်းဆီက ယူသုံးထားတာဖြစ်ကြောင်း နဲ့ တတိယတစ်ကြိမ်မှာ ပုံရတဲ့လင့်ကို ပြပြန်ပါတယ်။ ဗလောင်းဗလဲလို့ ပြောရမလားပဲ။ မူရင်းပုံ ပိုင်ရှင်က အထောက်အထား ခိုင်လုံပါတယ်။ ၂၀၀၅ က ရိုက်ထားတဲ့ ပုံလည်းဖြစ်တယ်။ ဆိုက်တော်တော်များများကလည်း သူ့ပုံကို ယူသုံးထားကြပါတယ်။ တခြား သူ့ပုံကို ယူသုံးထားတဲ့ နေရာတွေမှာလည်း 7is7.com ဆိုတဲ့ ရေစာပါပါတယ်။ သူသုံးတယ်ဆိုတဲ့ Crop လုပ်ထားတဲ့ ယှဉ်ပြထားတဲ့ ပုံတွေမှာလည်း မူရင်းပုံလောက် အနားဝန်းကျင်တွေ အစုံအလင်မပါပါ။ ခပ်ဆင်ဆင်တူတဲ့ ပုံများဖြစ်နေမလားဆိုပြီး Photoshop မှာ Layer သွားထပ်ကြည့်တော့လည်း ကွက်တိပဲ ကျနေတာ တွေ့ရပါတယ်။ ပိုဆိုးလာတာက မြန်မာလို ရေးထားတဲ့ စာရေးသူရဲ့ ကွန်းမန့်မှာ ဒီဘဲကြီးဟာ သူ့ပုံကို ယူသုံးထားပြီး သူခိုးက လူလူဟစ်နေတာဖြစ်တယ်လို့ ပြောထားတာပါပဲ။
စာရေးသူဟာ မြန်မာတွေရဲ့ အရိုးစွဲနေတဲ့ အကျင့်ဆိုးတွေကို မကြိုက်ကြောင်း သူ့ပို့စ် တော်တော်များများမှာ ပြောထားတာ တွေ့ပါတယ်။ မှားတာတောင် ဝန်မခံဘဲ ကျားကျားမီးယပ် ဖင်ပိတ်ငြင်းတတ်တဲ့ အကျင့်ဆိုး သူ့ဆီမှာ ကျန်သေးတာကတော့ ဝမ်းနည်းစရာပါပဲ။ စာရေးသူလုပ်သင့်တာက မခက်လှပါ။ ယူသုံးမိကြောင်း ဝန်ခံပြီး တခြားတစ်ပုံ ပြောင်းတင်လိုက်ရုံပါပဲ။
ဒီပို့စ်တွေ့တော့မှ လုပ်မယ်လို့ ကြံထားပြီး မရွေ့သေးတဲ့ အလုပ်တစ်ခုကို သတိရမိပါတယ်။ မြန်မာ ဓာတ်ပုံတွေကို Wikimedia Commons ကို ဝိုင်းတင်ဖြစ်အောင် လှုံ့ဆော်မယ့် Activity Project လုပ်ဖို့ပါ။ မြန်မာနဲ့ ပတ်သက်တဲ့ ဘယ်အကြောင်းအရာမဆို CC3 ပေးထားတဲ့ ပုံတွေ အွန်လိုင်းမှာ အင်မတန် နည်းနေတာ သတိပြုမိပါတယ်။ ဒါကြောင့်လည်း ဒီလို အဖြစ်မျိုးတွေ ဖြစ်လာရတယ်လို့ တွေးမိတယ်။ ဟိုတလောကတော့ ထူးတေဇာက သူ့ပုံတချို့ ပေးမယ်လို့ ပြောထားတာ သတိရတယ်။ ဒီ လှုပ်ရှားမှုကို ပြည်တွင်းမှာ ဒိုင်ခံလုပ်နိုင်တဲ့ (ဓာတ်ပုံတွေကို လက်ခံ၊ လိုက်ရိုက်၊ Caption ရေး) စေတနာ့ဝန်ထမ်း Organizer တစ်ယောက် အလိုရှိပါတယ်။
#Updated on 21st July#
ဒီနေ့ မူရင်းပုံပိုင်ရှင်ဆီက တုံ့ပြန်ချက် ထွက်လာပါပြီ။ (All Right Reserved) ဤ ပုံနှင့် ပတ်သက်သမျ အခွင့်အရေးအားလုံးကို မူပိုင်ထားသည် ဆိုတဲ့ စာသားကို ဖြုတ်ပြီး သူမူလသတ်မှတ်ထားတဲ့ (Attribution) လွတ်လပ်စွာ ပြန်လည် ဝေမျခွင့် ပေးဖို့ သုံးရက်+နောက်တိုးနှစ်ရက် ပေါင်း ငါးရက် ပေးထားပေမဲ့ အကြောင်းမပြန်တာကြောင့် အောက်ဖော်ပြပါပုံကို CC License နဲ့ ပြန်ထုတ်ပေးလိုက်ပါတယ်။ ဒီလင့်ကို ပြန်ညွှန်းပြီး မည်သူမဆို လွတ်လပ်စွာ မျှဝေသုံးစွဲပြင်ဆင်နိုင်ပါတယ်။
Read More:
Tags: aung.info, copyright, Creative commons, image, Myanmar, Myanmar Bus