ဟား……. ကောင်းကင်ကြီးကို ကြည့်လိုက်စမ်း….. ပြာ…. နေတာပဲ….။ ဘေးပတ်လည်မှာလည်း မျက်စေ့တစ်ဆုံး မြက်ခင်းပြင်ကြီး…။ တစ်ကိုယ်လုံးကို ဖြေလျော့ပြီး ပက်လက်လှန်ပြီး ကြည့်လိုက်စမ်း…။ ဘယ်လောက် အေးချမ်းသွားလဲ…။

တိမ်တွေကို တစ်ခုချင်း လိုက်ကြည့်…။ ဖြေး…..ဖြေးလေး ရွေ့နေတာ…။ အပူအပင်တွေ ဘာ…. မှ မတွေးနဲ့။ ကံကောင်းရင် သက်တန့် လေးတွေပါ တွေ့ရတတ်တယ်…။

အားရင် အားသလို မြက်ခင်းပေါ်မှာ လှဲပြီး တိမ်တွေကို ကြည့်နေရရင် သိပ်ကောင်းမှာပဲ။ ကျောင်းစာလား….။ လုပ်မနေနဲ့ အချိန်တန်ရင် အောင်သွားလိမ့်မယ်….။ ဘွဲ့ရရင် ခေါင်းမသုံးရတဲ့ အလုပ်တစ်ခုလုပ်။ အလုပ်မှာ ပြတင်းပေါက် ကျယ်ကျယ်ရှိရင် ပိုကောင်းတယ်…။ တိမ်တွေကို ကြည့်လို့ရတာပေါ့။

စည်းစိမ်တွေ… ရည်မှန်းချက်တွေ… ဆုံးဖြတ်ချက်တွေ…. ဘာ….မှ မလိုဘူး…။ ဘဝမှာ ဘာများထူးပြီး အဓိပ္ပါယ် ရှိမှာလဲ…။ အချိန်တန်ရင် သူ့ဟာသူ အဆင်ပြေသွားလိမ့်မယ်…။ အခု ဒီလိုနေ….. နေတာကိုက စည်းစိမ် မဟုတ်လား…။

အရွယ်ရောက်ပြီဆိုတော့ မိန်းမတစ်ယောက်လောက် ယူအုံးမှပါ။ သိပ်ချော သိပ်လှ သိပ်ထက်မြက်စရာ မလိုဘူး။ တော်ရုံသင့်ရုံဆို ရပြီ။ သာမာန် အိမ်ရှင်မ ဆို ရပြီ…။ ကလေးလား…။ သုံးယောက်လောက်တော့ ယူမယ်…။ အားတဲ့အချိန် မြက်ခင်းပေါ်လာပြီး…. တိမ်တွေရွေ့…. နေတာ ကြည့်မယ်…။ ဟား…. လောကကြီးက အေးချမ်းလိုက်တာ…။

အသက်ကြီးလာရင် စောစော ပင်စင်ယူပြီး ကလေးတွေလုပ်ကျွေးတာ ထိုင်စားမယ်…။ အချိန်ပိုတွေမှာ… မြက်ခင်းပေါ်လာပြီး အေးအေးဆေးဆေး တိမ်ကြည့်မယ်…။ တဖြည်းဖြည်းနဲ့ အချိန်ဖြုန်းရင်း အသက်ကြီးမယ်…။

ဟား…. သာယာလိုက်တာ… ကောင်းကင်ကြီးက… ပြာ… နေတာပဲ…။

Tags: ,

· · · ◊ ◊ ◊ · · ·

ဝိုးတဝါးအသံများကို နားထဲတွင် ကြားမိသလို ရှိသည်။ ပထမတွင် နစ်မျောလက်စ အိပ်မက်ထဲမှ အသံများနှင့် ရောထွေးသွားခဲ့သည်။ အသံများက တဖြည်းဖြည်း ကျယ်လောင်လာသည်။ စားပွဲတင်နာရီမှ ထွက်ပေါ်လာသော စက္ကန့်သံများဖြစ်သည်။ မျက်ခွံကို ဖြည်းညင်းစွာ အားယူပြီး ဖွင့်လိုက်သောအခါ မနက်က သောက်လက်စ ကော်ဖီခွက်ကို ဝိုးတဝါး မြင်ရလေသည်။ အခန်းတွင်းတွင် အမှောင်ထုက ကြီးစိုးနေသည်။

ကိုယ်နှင့်ဖိမိထားသော လက်တစ်ဘက်က ထုံကျင်နေသည်။ မျက်လုံးအစုံကို ပြန်မှိတ်လိုက်ရင်း တဘက်သို့ ပြန်စောင်းလိုက်သည်။ ပြတင်းတံခါးကိုလေတိုးသောကြောင့် တကျွီကျွီ မြည်နေသည်။ ပိုးကောင်တို့၏ စူးရှသော အော်မြည်သံကို တချက်တချက် ကြားရသည်။

ပတ်ဝန်းကျင်က နာရီသံမှအပ တိတ်ဆိတ်သွားပြန်သည်။ ခေါင်းထဲသို့ ဘာမှ မဆိုင်သော ရောက်တတ်ရာရာ အတွေးစများက ဟိုတစ်စ သည်တစ်စ ဝင်လာနေသည်။ မနေ့က ဖတ်ခဲ့သော စာအုပ်လည်းပါသည်။ မနက်ကတွေ့ခဲ့သော ကော်ဖီခွက်ထဲမှ ပုရွက်ဆိတ်လည်းပါသည်။ ငါးတန်းတုန်းက မုန့်လုစားခဲ့တာလည်းပါသည်။ ရင်ခုန်ခဲ့ဖူးတဲ့ မိန်းကလေးတွေ အကြောင်းလည်း ပါသည်။ ကျောင်းတုန်းက မေ့နေတဲ့ စာတွေလည်းပါသည်။ ကြားဖူးခဲ့တဲ့ သေနတ်သံတွေလည်းပါသည်။ စားဖူးခဲ့တဲ့ သနပ်သုပ်ကိုလည်း သတိရသည်။ ငယ်ငယ်တုန်းက နေ့တိုင်းသနပ်ခါးလိမ်းရတာလည်း မှတ်မိသေးသည်။

ရေချိုးခန်းထဲမှ ရေစက်ကျသံတစ်ချက် ထွက်ပေါ်လာသည်။ အသံက ပေါက်ကနဲ တစ်ချက်တည်းသာ ဖြစ်သည်။

ရေကန်အိုထဲအား

ဖားငယ်တစ်ကောင်ခုန်ဆင်းသွား

ပလုံမြည်သံကြား။

ဗသျှိုးရဲ့ ဟိုက္ကူကဗျာကိုလည်း ရုတ်တရက် သတိရသည်။ ဖားဖားဘာလို့အော်… မိုးရွာလို့အော်… မိုးမိုး ဘာလို့ရွာ… ဖားအော်လို့ရွာ ဆိုသည့် ငယ်ငယ်တုန်းက ရွတ်ဖူးတာတွေလည်း တွေးမိသည်။ လိပ်ပတ်မလည်သည့် နိုင်ငံရေး အခြေအနေတွေ အကြောင်းလည်း ခေါင်းထဲဝင်လာသည်။ နိုင်ငံရေးအကြောင်း ပြောချင်ရင် ဒီမလာနဲ့ ဆိုတဲ့စာတချို့ကိုလည်း မြင်ယောင်မိသည်။ ဗိုလ်ချုပ်ပြောတဲ့ လူဆိုတာ နိုင်ငံရေး သတ္တဝါပဲ ဆိုတဲ့ စကားကိုလည်း အမှတ်ရမိသည်။

ပတ်ဝန်းကျင်တစ်ခုလုံး ချမ်းစိမ့်စိမ့် ဖြစ်လာသည်။ ရုတ်တရက် လေအေးတို့ တိုးဝှေ့လာသည်။ လေထဲတွင် မိုးရေစက် အနည်းငယ်ပါလာသည်။ ပြတင်းတံခါးက ဂျိုင်းကနဲ ဆောင့်ပိတ်သွားသည်။ ပြတင်းတံခါးကို သွားပိတ်စရာမလိုတော့တွေးပြီး ပြုံးမိသည်။ အပြင်မှာ ပြုံးနေသော်လည်း နောက်ကွယ်တွင် ချောက်ချတတ်ကြသည့် ကိုယ်တိုင်တွေ့ဖူးသော ပုဂ္ဂိုလ်တချို့ကို သတိရသည်။ ဒါနဲ့ငယ်ငယ်တုန်းက သူငယ်ချင်းတချို့ ဘယ်တွေရောက်ကုန်ပြီလဲ မသိတော့။ ရှစ်တန်းတုန်းက ဆွဲထိုးခဲ့သော သူငယ်ချင်းကတော့ အခု မလေးရှားမှာဖြစ်သည်။ အလှပြင်ရတာ ဝါသနာပါတဲ့ သူငယ်ချင်းကတော့ ဂျပန်ရောက်နေပြီဖြစ်သည်။ GDP ဒေါ်လာတစ်ရာကျော်ရုံရသည့် မြန်မာလူမျိုးတစ်ယောက်၏ တစ်နှစ်ဝင်ငွေကိုလည်း တွေးမိသည်။ မြန်မာနိုင်ငံသားတစ်ဦးချင်းစီ၏ GDP ကို ဖြုတ်ချန်ရေးသားသော မြန်မာတိုင်းမ် အကြောင်းကလည်း အတွေးထဲ ဝင်လာသည်။ မြန်မာတိုင်းမ်တွင် သတင်းထောက်လုပ်နေသော သူငယ်ချင်းကိုလည်း သတိရသည်။ သူငယ်ချင်းရေ မင်းပြောခဲ့ဖူးတဲ့ ပြည်သူတွေအတွက် သတင်းထောက် ဖြစ်ပြီလား။

မိုးက ပြန်တိတ်သွားပြီဖြစ်သည်။ အာခေါင်တို့ ခြောက်ကပ်လာသည်။ မျက်လုံးကို အားယူပြီးဖွင့်လိုက်သည်။ ပြတင်းမှန်တွင် မိုးရေစက်တို့က စိန်ပွင့်များသဖွယ် တဖျတ်ဖျတ် လက်နေသည်။ ဒီလောက်များတဲ့ စိန်တွေရှိရင် ကောင်းမှာပဲ။ အင်း ရှိတဲ့လူတွေလည်း ရှိပါတယ်။ အတွေးစတို့ကို ရီဝေစွာ ဖြတ်တောက်ရင်း အားယူကာ ကုတင်ပေါ်မှ ထလျက် နာရီကို ကြည့်လိုက်သည်။ ည ဆယ်နာရီထိုးတော့မည် ဖြစ်သည်။ ခေါင်းထဲတွင် ထိုင်းမှိုင်းနေဆဲ ဖြစ်သည်။ မီးခလုပ်ကို ဖွင့်လိုက်လေသည်။

“ချောက်”

Tags: ,

· · · ◊ ◊ ◊ · · ·

မိုး

12 Nov 2007

ငယ်ငယ်တုန်းက မိုးလေးများညို့လာပြီဆိုရင် စိတ်ထဲက ဆွတ်ပျံ့လွမ်းမောလာတတ်သည်။ ဘယ်သူ့ကိုလွမ်းမှန်းမသိ လွမ်းသည်။ ဝဿန်မိုးရဲ့ ပဉ္စလက်လို့များ ခေါ်ရမလားမသိ။
“မိုးရွာရင် မိုးရေချိုးမယ်… မေမေလာရင် နို့စို့မယ်… ဖေဖေလာရင် အုန်းသီးခွဲစားမယ်…”

ဒီသီချင်းကိုတော့ လူတိုင်းကြားဖူးလောက်သည်။ သို့ရာတွင် ရိုးရှင်းသော သီချင်း၏နောက်ကွယ်တွင် ခံစားချက်တို့ တစ်ပုံတစ်ပင် တွယ်ကပ်ပါလာတတ်ပါသေးသည်။

မိုးရွာပြီဆိုလျှင် မိုးရေထဲပြေးထွက်ပြီး မိုးရေချိုးရတာ၊ အမေအိမ်ထဲက လှမ်းခေါ်တာကို မကြားချင်ယောင်ဆောင်တာ၊ အေးစက်စက်မိုးက ဖြန်းအပက်မှာ ချမ်းစိမ့်စိမ့်လေက တိုးဝှေ့တာကြောင့် စိမ့်ကနဲ ဖြစ်သွားပေမယ့် စိတ်ထဲမှာ လွတ်လပ်ပျော်ရွှင်နေတာ၊ ဒါတွေဟာ မိုးသည်းညရဲ့ အိပ်မက်တွေပဲလား။

မိုးရေချိုးမည်ဆိုလျှင် တံစက်မြိတ်အောက်က အကောင်းဆုံးဖြစ်သည်။ ခေါင်မိုးပေါ်က စုစည်းလာသော မိုးရေလုံးတို့ကို အားရပါးရ ချိုးနိုင်သည်။ မိုးရေချိုးရင်း အိမ်ရှေ့က မြောင်းထဲမှာ သစ်ထွင်းလှေလွှတ်ရတာလည်း သတိရသေးသည်။ စက္ကူလှေက မိုးကြီးရင် လွှတ်မရ။ အဖေ့တပည့်တစ်ယောက်က သစ်ထွင်းလှေလေးလုပ်ပေးသည်။ မြစ်ထဲက တကယ့်ကတ္တူလှေ ပုံစံမျိုး။ ဟိုး…လမ်းထိပ်လောက်က လွှတ်လိုက်လျှင် မြောင်းတလျှောက်စီးလာပြီး ဈေးကိုကျော်သည်အထိ မြောသွားတတ်သည်။ အဲဒီအခါမျိုးမှာ ပင်လယ်ထဲမကျခင် အပြေးအလွှားဆယ်ရသည်။ ပြီးတော့ လှေကိုသယ်ပြီး လမ်းထိပ်ကိုပြန်ပြေး။

မနက်စောစော မိုးရွာသံကို အိပ်ယာထဲက မထဘဲ နားထောင်ရတာလည်း စည်းစိမ်တစ်မျိုးဖြစ်သည်။ သွပ်မိုးပေါ်ကို မိုးစက်ကျသော တဖျောက်ဖျောက်အသံသည် ဘာနှင့်မျှမလဲနိုင်သော ဂီတသံတစ်ခုဖြစ်သည်။ မိုးသည်းလာလျှင် တဗြောင်းဗြောင်းမြည်ကာ သံစဉ်ပြောင်းသွားတတ်သည်။

ကျောင်းတက်ရာမှာလည်း မိုးကာအင်္ကျီ ကျပ်ထုပ်ထုပ်ကို ဝတ်ရသည်။ အမှန်က အဲဒါထက်စာရင် ထီးကိုပိုကြိုက်သည်။ မိုးကာအင်္ကျီဟုသာဆိုရသည်။ ပေမမီ ဒေါက်မမီ ဖြစ်သည်။ အရှေ့ကအပေါက်နှစ်ပေါက်ထဲကသာ လက်ထုတ်လို့ရသည်။ အဲဒါကြီးဝတ်ထားပြီဆိုလျှင် သူများတွေလို လွတ်လွတ်လပ်လပ် ပြေးဆော့လို့မရ။ မိုးနှင့်ရွှံ့ လုံတာပဲရှိသည်။ ကျောင်းအပြန် မိုးသည်းနေပြီဆိုလျှင် လွယ်အိတ်ကို မိုးကာအင်္ကျီနဲ့ထုပ်၊ မိုးရေချိုးရင်း သူများတွေရေစဉ်အောင် ရွှံထဲမှာ တဗွမ်းဗွမ်းပြေးရသည်မှာ ပျော်စရာဖြစ်သည်။

အတန်းလေးများကြီးလာတော့ ရူးကျားကျားနှင့် မိုးရေထဲ ထီးမပါဘဲ စက်ဘီးလျှောက်စီးရသော အရသာကို နှစ်ခြိုက်တတ်လာပြန်သည်။ မိုးသည်းသော ကျောင်းပိတ်ရက်များတွင် စိတ်တူကိုယ်တူ သူငယ်ချင်းသုံးလေးယောက်ခန့်စုကာ ပင်လယ်နားဘက်သို့ စက်ဘီးစီးထွက်ကြသည်။ မညှာမတာ ဖြန်းပက်နေသည့်မိုးရေအောက်တွင် ပင်လယ်ဘက်မှ တလိမ့်လိမ့်တက်လာသော လှိုင်းလုံးဖြူကြီးများ၏ တဝုန်းဝုန်းရိုက်ခတ်နေပုံကို ကြည့်ရသည့်ခံစားချက်မှာ ဆယ်ကျော်သက်ဘဝ၏ ပန်းချီကားတစ်ချပ်ဟု ဆိုသော်ရကောင်းသည်။

“အခုရော မိုးရွာလာရင် ဘယ်လိုလုပ်တတ်ပါသလဲ” ဟု တစုံတစ်ယောက်က မေးလာပါငြားအံ့။ အဖြေကားအောက်ပါအတိုင်း ဖြစ်သည်။

“အဟီး အိပ်လို့သိပ်ကောင်းတာပဲ”

Tags: ,

· · · ◊ ◊ ◊ · · ·