Paradigm Shift

31 Jan 2012

Paradigm Shift
ငယ့်ငယ်တုန်းက ဖတ်ဖူးတဲ့ ကိုတာ့စာထဲမှာတော့ ပါရာဒိုင်း (Paradigm)တဲ့။ မျက်စိထဲမြင်ယောင်တာကတော့ ပါပရာရယ် ပဒိုင်းသီးရယ်။ နောက် နည်းနည်းကြီးလာတော့ ကျော်ဝင်းက ယဉ်ကျေးမှုတွေ တွန်းတိုက်မိကြတယ် (cultural conflict/clashes) ပြောပြန်တယ်။ ဒီတစ်ခါတော့ တရုတ်ကြီး အင်္ကျီလက်စနဲ့ ကုလားမကြီးဆာရီနဲ့ ငြိကြတယ်ပေါ့။

ဆံရှည်ထားတာ လမ်းသရဲ၊ ဘောင်းဘီဝတ်တာ လူမိုက်ဆိုတဲ့ အဆင့်ကနေ နည်းနည်းတော့ ရွေ့လာပြီထင်တာပဲ။ ဆံပင်ဝဲနဲ့ အီမိုတွေပေါ်လာသလို၊ မိန်းကလေးတွေလည်း အပြိုင်းအရိုင်း တိုတက်လာကြတော့ ခေတ်ကြီးပျက်နေပြီပြောရင် နည်းနည်းတော့ လွန်လိမ့်မယ်။ ကိုယ့်နိုင်ငံ စီးပွားရေးအင်အားကောင်းမှ၊ နိုင်ငံ့မီဒီယာတွေ ကမ္ဘာကို ဖြန့်နိုင်မှ၊ နိုင်ငံသားတွေပညာကိုယ်ခံအားကောင်းမှ ကိုယ့်ယဉ်ကျေးမှုကို သူများဆီ သွားနယ်ချဲ့လို့ရမယ်။ နိုင်ငံကလည်းဆင်းရဲ၊ လူအများစုက ပညာမတတ်ကြရင် နယ်ချဲ့လာတဲ့ သူတပါးယဉ်ကျေးမှုတွေ ကိုယ်က ပြန်ယူနေရမှာပဲ။ ဒါ ရှောင်မရ ပြုမရ၊ အကောင်းဘက်ရောက်အောင်သာ လမ်းကြောင်းပြောင်းပေးလို့ရတဲ့ ကိစ္စ။ သိပ်တော့မပူပါနဲ့။ ရန်ကုန်နွေလယ်ခေါင်မှာ တော်တော်ကို အူကြောင်ကြောင်နိုင်တဲ့လူသာလျှင် မက်ထရစ်ကားထဲက လောင်းကုတ်ကြီးတကားကားနဲ့ ချွေးထုတ်နေပါလိမ့်မယ်။ ကံကောင်းတာက မြန်မာဆိုတာ စာပေ၊ ဂီတ၊ သမိုင်းကြောင်းနဲ့ ယဉ်ကျေးမှု ကိုယ်ခံအားကောင်းခဲ့တဲ့ ဒေသဖြစ်လေတော့ ယဉ်ကျေးမှုဝါးမျိုခံရခြင်းအစား ယဉ်ကျေးမှုမွေးစားခြင်းဘက်ကို ပိုရောက်နေတယ်ပြောရမယ်။

မြန်မာရယ်လို့ဖြစ်လာတာတောင် နှစ်ပေါင်း တစ်ထောင်စွန်းစွန်းပဲ ရှိသေးတယ်။ ဒီကြားထဲမှာ ဒီလိုပဲ အဆင့်ဆင့်ပြောင်းပြီး ဒီနေ့ခေတ်ရောက်လာတယ် မဟုတ်ပေလား။ ဝတ်ပုံစားပုံတောင် ဒီနှစ်နဲ့ နောက်နှစ် ယောင်ယောင်လေး ကွဲတယ်။ ရှေးခေတ်မြန်မာကြီးတွေ ဝတ်တဲ့ ရင်ဖုံးနဲ့ ဒီနေ့ခေတ်တိုက်ပုံ ဘယ်မှာတူလို့လဲ။ သူတို့ခေါင်းပေါင်းစရှည် တစ်ထောင်ထောင်နဲ့ လွှတ်တော်အမတ်တွေရဲ့ လယ်ဒီမိတ်ခေါင်းပေါင်းစတိုနံ့နံ့ တခြားစီ မဟုတ်လား။ တောင်ရှည်ပုဆိုးဆိုတာ လုံချည်ဆိုင်မှာတောင် သွားမေးလို့ မရှိတဲ့ အဖြစ်။ မြန်မာ့ရိုးရာစားစရာဆိုတဲ့ မုန့်ဟင်းခါးတောင် ပေါ်တာ နှစ်တစ်ရာ မပြည့်တတ်သေး။ ဒီနေ့မြန်မာက လူမျိုးကြီးဗမာဆိုတာလည်း တိဗက်က အဓိက ဆင်းသက်လာပြီး တရုတ်အရောရော၊ မွန်အရောရောမဟုတ်ပေလား။ ဒါကြောင့်ပဲ နိုင်ငံရှိရင် လူမျိုးရှိတယ်ဆိုတဲ့စကားက အများကြီးတာသွားပါတယ်။

ရှေးခေတ်က သီတင်းကျွတ်ရင် ဆီမီးခွက်မျှောတယ်။ ဖယောင်းတိုင်ထွန်းတယ်။ ဒီခေတ်လည်း မျှောတဲ့လူမျှောတုန်း၊ ဖယောင်းတိုင်လည်း ထွန်းတဲ့လူထွန်းတုန်း။ အများစုကတော့ လျပ်စစ်မီးသီးထွန်းမယ်၊ မီးရှူးမီးပန်းဖောက်မယ်။ ရှေးကသင်္ကြန်မှာ သပြေခက်နဲ့ ရေပက်ခဲ့ကြပေမဲ့ ခုခေတ် မီးသတ်ပိုက်နဲ့ထိုးမယ်၊ ရှေးက နွားလှည်းနဲ့ လှည့်ပေမဲ့ ခုခေတ် ကားနဲ့လည်မယ်၊ အိုးစည်ဗုံမောင်းအစား တီးဝိုင်းနဲ့ဆိုမယ်။ ထိန်းသိမ်းတဲ့လူက ထိန်းသိမ်းနေသလို တိုင်းတပါးယဉ်ကျေးမှုကို ကူးချတဲ့လူကလည်း ကူးချနေပါတယ်။ အဟောင်းတွေပျက်လို့ အသစ်တွေဝင်လာတဲ့အချိန် ကြားထဲက အခြေအနေတစ်ရပ်မှာ ကိုယ်ပိုင်စတိုင်တစ်ရပ်ဖြစ်လာတာကို နှောင်းပိုင်းလူတွေက ငါတို့ယဉ်ကျေးမှုလို့ အမည်တပ်ကြပါလိမ့်မယ်။

တရုတ်အင်္ကျီကနေ တိုက်ပုံဖြစ်၊ ဒိုတီက ပုဆိုးဖြစ်၊ ထိုင်းသီချင်းက သီချင်းကြီးဖြစ်နဲ့ သူများဟာကို ကိုယ့်ဟာဖြစ်အောင် တဖြည်းဖြည်းနဲ့ ယူနီကွီး (Unique) ကိုယ်ပိုင်ဝိသေသလက္ခဏာတစ်ရပ် ဖြစ်အောင် လုပ်ယူနိုင်တာ အင်အားကြီးနိုင်ငံတွေကြားမှာ ပဲလှော်ဆားညပ်သလိုညပ်နေတဲ့ မြန်မာတွေရဲ့ ထူးခြားတဲ့ အချက်ပေါ့ဗျာ။ ဒီလို ရာစုရှည်အောင် တည်တံ့(နည်းနည်းစီပြောင်းလဲ)လာတဲ့ ယဉ်ကျေးမှုတွေရှိသလို ကြားထဲမှာ ပျောက်ပျက်သွားတဲ့ ဓလေ့တွေလည်း အများကြီး ရှိသပေါ့။ ဥပမာ လှေလှော်၊ မြင်းစီး၊ သဲပုံစေတီဆိုတဲ့ ပွဲတွေဟာ တော်တော်ရှားရှားပါးပါးမှ တွေ့ရတော့တဲ့ ဓလေ့တွေပါ။ ဗမာယဉ်ကျေးမှု လွှမ်းမိုးလို့ တချိန်က ဗမာတွေနဲ့ တန်းတူ အင်အားကြီးခဲ့တဲ့ မွန်၊ ရခိုင် စတဲ့တိုင်းရင်းသားတွေ၊ တခြားတိုင်းရင်းသားမျိုးနွယ်စုတွေရဲ့ ရိုးရာတွေ ပျက်သွားတာလည်း တပုံတပင်ရှိတာမို့ ပျောက်ပျက်သွားတဲ့ ဓလေ့တွေအတွက် သိပ်ပြီး နှမြောမနေပါနဲ့။ ပျောက်ပျက်မသွားအောင် ထိန်းသိမ်းရသလို တိုးတက်နေအောင်လည်း အမြဲကြံဆောင်နေရမယ် မဟုတ်လား။ ထိန်းသိမ်းရုံပဲ ထိန်းသိမ်းနေရင် ကြာရင်ကောမှာပဲ။ လွန်ခဲ့တဲ့ နှစ်တစ်ရာကလည်း ဒီသီချင်းကြီးတွေ၊ ဒီခေတ်လည်းတစ်ပုဒ်မှ တိုးမလာ။ ရှေးက ရုပ်သေး ခုခေတ်ထိ ဒီတိုင်းပဲ။ ဒီခေတ်နည်းပညာတွေ၊ ဆက်တင်တွေနဲ့ ပေါင်းစပ်မရနိုင်ပေဘူးလား။ (ဒီနေရာမှာ ဝင်နှောက်ချင်တာက တစ်သီးပုဂ္ဂလတွေရဲ့ ကဏ္ဍပါ။ စည်းလုံးညီညာ အောင်ကြောင်းဖြာလို့ ဘယ်လိုပဲ ပြောပြော ခေတ်ကိုအပြောင်းလဲကြီးပြောင်းလဲခဲ့သူ တစ်ယောက်ချင်းစီက သူ့ခေတ်မှာ သူများထက် အပုံကြီး တော်ခဲ့ချွန်ခဲ့တဲ့ လူရည်ချွန်တွေ ဉာဏ်ကြီးရှင်တွေကြောင့်လို့ ပြောရင် လွန်အံ့မထင်။) ခေတ်နဲ့ မညီ လူကြိုက်မများတော့တဲ့ ဓလေ့တွေကတော့ ဘယ်လောက်အသက်သွင်းသွင်း ဖုတ်လှိုက်ဖုတ်လှိုက် ဖြစ်နေမှာပါပဲ။

ယဉ်ကျေးမှု ထိန်းသိမ်းတယ်ဆိုရာမှာ အစိုးရရဲ့ မူဝါဒ၊ တိုင်းပြည်ရဲ့စီးပွား၊ ပြည်သူတွေရဲ့ ပညာရေးရေချိန်တွေက အရေးပါတဲ့ နေရာတွေမှာ ရှိနေပါတယ်။ ဒီနေ့ခေတ်လို ကမ္ဘာရွာဖြစ်နေတဲ့အချိန်မှာ သူများလွှမ်းမိုးတာ အနည်းနဲ့ အများတော့ ခံရမှာပါပဲ။ အရေးကြီးတာက ပါရာဒိုင်းအရွေ့တွေကြားမှာ ကိုယ့်ယဉ်ကျေးမှုတွေ အပြင်ကို အစွံထုတ်နိုင်ဖို့နဲ့ သူများယဉ်ကျေးမှုတွေရဲ့ အတွန်းအတိုက်ကို ထိုက်ကျိကျင့်သလို အသာလေး ရောမွှေမွေးစားလိုက်ဖို့ပါပဲ။ လုံးဝအဝင်မခံဘဲ တောင့်ခံထားရင် မျိုးဆက်တစ်ခုနဲ့ တစ်ခုကြားမှာ ယဉ်ကျေးမှုရှော့ရ(Cultural Shocks)သွားပြီး လူကြီးတွေ နောက်ကောက်(Knock out)ကျသွားလိမ့်မယ်။ “Survival of the fittest” (အင်္ကျီအကျပ်ဝတ်မှ ဖိုက်တင်ချနိုင်မယ်ဆိုလား) လို့ ဒါဝင်ကြီးက ဆိုတယ် မဟုတ်လား။ သေချာတာကတော့ မြန်မာဆိုတဲ့ ဝိသေသက မြန်မာနိုင်ငံရှိနေသရွေ့တော့ ပျောက်ပျက်သွားဦးမှာ မဟုတ်။

Tags: , ,

· · · ◊ ◊ ◊ · · ·