ငယ်ငယ်တုန်းကဖတ်ဖူးတဲ့ စာအုပ်တွေထဲမှာ ကွန်ပျူတာဆိုတဲ့ ဝေါဟာရကို မကြာခဏ တွေ့ခဲ့ပါရဲ့။ တွက်တာချက်တာ အင်မတန်မြန်တဲ့ စက်ကြီးပေါ့။ တစ်နည်းပြောရရင် ကယ်ကူလေတာ အကြီးစားကြီး။

ငါးတန်းရောက်တဲ့နှစ်မှာ ရန်ကုန်ကပြန်လာတဲ့အမေကပြောတယ်။
“ဟဲ့ ကွန်ပျူတာနဲ့ ပုံဆွဲလို့ရတယ်တဲ့”
ကျွန်တော်ဟာ မျက်လုံးလေးဝိုင်းပြီး ပါးစပ်အပြူးသား ဖြစ်သွားတာပေါ့။ ကွန်ပျူတာနဲ့ ပုံဆွဲချင်လိုက်တာလေ… တစ်ပိုင်းကိုသေနေတာပဲ။
ရှစ်တန်းရောက်တော့ ကွန်ပျူတာရှိတဲ့ကျောင်းကိုရောက်တယ်။ ဒါပေမယ့်မကိုင်ရပါဘူး။ ကွန်ပျူတာကိုင်မယ့်လူတွေက သက်သက်ရွေးပြီးသား။ သူတို့လည်းပဲ သနားဖို့ကောင်းပါတယ်။ လူကြီးလာခါနီးတို့ဘာတို့မှာမှ တစ်ခါတစ်လေကိုင်ရရှာတာ။ ကျန်တဲ့အချိန်တွေမှာတော့ အဝတ်အုပ်ပြီး မှန်ခန်းထဲမှာ သော့ခတ်ထားတာပေါ့။ တန်ဖိုးကြီးတယ်မဟုတ်လား။ ဒီလိုပစ္စည်းက ထိန်းသိမ်းနိုင်မှ တော်ကာကျမှာ။ သူတို့များ ပုံဆွဲပြီဆိုရင် ကျွန်တော်တို့ကျောင်းသားတစ်သိုက်မှာ မှန်ခန်းအပြင်က ရုံးစုရုံးစုနဲ့ ပြူးပြဲငေးကြည့်ရတာ အမောသား။
ကိုးတန်းနှစ်မှာတော့ ကျွန်တော် ကံဇာတာထပြီလေ။ အထက်တန်းကျောင်းရဲ့ ကျောင်းအုပ်ကြီးရဲ့ တူအရင်းခေါက်ခေါက်အနေနဲ့ တစ်သက်မှာတစ်ခါ ကွန်ပျူတာကိုင်ခွင့်ရပြီ။ တစ်အိမ်လုံး ပတ်ပြေးပြီး လက်ခမောင်းတောင် ခတ်လိုက်ချည်သေး။
မနက်ဖြန်ပဲ လူကြီးလာမှာဆိုတော့ လေ့ကျင့်ချိန်က နှစ်နာရီလောက်ပဲရတယ်။ အဲဒီနှစ်နာရီအတွင်းမှာ မောက်စ်ကိုင်တာရော ပုံဆွဲတာရော စာရိုက်တာရော ဆရာမျက်လုံးပြူးရလောက်အောင် တတ်သွားတယ်။ ပုပ္ပါးတောင်ပုံကိုလည်း အကျအနဆွဲနိုင်အောင် လေ့ကျင့်ထားလိုက်သေး။
နောက်နေ့ မှာတော့ ခေါင်းကိုမော့၊ ရင်ကိုကော့ပြီး ခပ်ကြွားကြွားပဲ ဆွဲပြလိုက်တယ်။ ကျနော့ပုံကိုကြည့်ပြီး မှတ်ချက်ချတာက-
“မန္တလေးတောင်ပုံက လက်ရာမြောက်သားပဲကွ”
တဲ့။
သေဟဲ့ နန္ဒိယ။

Tags: , ,

· · · ◊ ◊ ◊ · · ·