မောင်သီဟတို့ မြန်မာပြည်သူပြည်သားများသည် ရံဖန်ရံခါဆိုသလို လွန်စွာမှ ထူးဆန်းသော အပြုအမူတို့ကို ပြုလုပ်လေ့ ရှိကြသည်။ ဥပမာ လွန်ဆွဲခြင်း။ လွန်ဆွဲတာ ဘာဆန်းတုန်း၊ တကမ္ဘာလုံး ဆွဲနေကြတာပဲ ဟု ဆိုလတ္တံ့။ ဆန်းသည်၊ ဆန်းတာမှ အတော့်ကို ဆန်းသည်။ လျှပ်စစ်မီးလာအောင် လွန်ဆွဲရခြင်း ဖြစ်သည်။

လွန်ကြိုးကို ဒိုင်နမိုနှင့်ဆက်၊ ၎င်းနောက်တွင် လူအားဖြင့် ဝိုင်းဆွဲကာ ဒိုင်နမိုကို လည်စေလျက် လျှပ်စစ်ဓာတ်အား ထုတ်ယူရန် ကြိုးပမ်းနေခြင်းဟု သင်ထင်မြင်နေပါက လွန်စွာ မှားလေပြီ။

လွန်ဆွဲပါက မိုးရွာသည်ဟု မြန်မာနိုင်ငံတွင် အယူရှိကြသည်။ ကြည့်ရတာ မိုးနတ်မင်းကြီးသည် ကြိုးလေးတစ်ချောင်းကို လူတွေ ဟိုဘက်သည်ဘက်ဝိုင်းဆွဲကာ ဝရုန်းသုန်းကား ဖြစ်ကြခင်းကို အတော်ကြိုက်ဟန်တူသည်။ နာမည်ကိုက မိုးခေါင်ကျော်စွာနတ်တဲ့။ မိုးခေါင်အောင်လုပ်ရတာကို မိုးရွာပေးရတာထက် ကြိုက်ဟန်တူသည်။ ငယ်ငယ်က လွန်ဆွဲပွဲ ကြည့်ဖူးသည်။ အမျိုးသမီးတွေ တစ်ဘက်၊ အမျိုးသားတွေတစ်ဘက် ဆွဲကြခင်းဖြစ်သည်။ လက်တစ်ဆုပ်အရွယ် ကြိုးကြီးတစ်ချောင်းကို အလျားလိုက် ချထားသည်။ အလယ်တွင် တွင်းကြီးတူးထားကာ စည်းသတ်မှတ်ထားသည်။ တွင်းထဲကို စပြုတ်ကျသည့်ဘက်က အရှုံးဖြစ်သည်။ လူဖလံလေးတွေ၊ အားမရှိသူတွေဟု ထင်ရသူတွေက ရှေ့မှာနေရသည်။ တော်ရုံတန်ရုံ ဗလကောင်းသူတို့က နောက်မှာနေသည်။ ဗလအကောင်းဆုံးသူက ကြိုးထိန်းဖြစ်သည်။ နောက်ဆုံးနေရာမှာ နေသည်။ ဖနောင့်ကို မြေပေါ်တွင်လှည့်လျက် တွင်းတူးကာ ကန်ထားသည်။ ထမီတွေ ပုဆိုးတွေကျွတ်အောင် ဆွဲကြသည်။ ဟိုဘက်ပါလိုက်၊ သည်ဘက်ပါလိုက်နှင့် နောက်ဆုံးတွင် အမျိုးသမီးများဘက်က နိုင်သွားလေသည်။ ငယ်ငယ်တုန်းကတော့ စဉ်းစားမရ။ အမျိုးသားများသည် သဘာဝအ​ေလျာက် အင်အားကြီးမားသည် မဟုတ်ပါလော။ သို့ရာတွင် အင်အားသုံးရသော ပြိုင်ပွဲများတွင် ခန္ဓာအလေးချိန်ကိုလည်း ထည့်သွင်းစဉ်းစားရကြောင်း နောက်ပိုင်းတွင် မောင်သီဟ မှတ်သားမိလေသည်။

သည်ရက်ပိုင်း ဖ​ယောင်းတိုင်ကိုင်ပြီး ရန်ကုန်၊ မန္တလေး နှင့် အချို့မြို့ကြီးတွေမှာ ဆန္ဒပြကြတာ ကြားသည်။ အစိုးရဘက်ကလည်း အရင်လို “ဗြူးဗြူဗြဲဗြဲ”တွေ မလုပ်ဘဲ သတင်းစာကနေ လေသံပျော့နဲ့ တောင်းပန်သည်။ အဓိက ရေအားလျှပ်စစ်ပေါ်တွင် အားထားရသောကြောင့် မိုးတွင်းတွင် ပြည်တွင်းသုံးနိုင်သော လျှပ်စစ်အားထက် ပိုမိုထုတ်လုပ်ပြီး နွေတွင် ထုတ်လုပ်မှု နည်းပါးရသည်ဟု ဆိုသည်။ ပိုမိုထုတ်လုပ်တာတော့ မဖြစ်နိုင်။ နိုင်ငံအနှံ့ ရောက်အောင်မပေးနိုင်တာပဲ ဖြစ်မည်ဟု မောင်သီဟ တွေးသည်။ ငယ်ငယ်က မောင်သီဟနေခဲ့တဲ့ရွာမှာ အခုထိ ဖယောင်းတိုင်သုံးရတုန်း။ မီးလာခြင်း မလာခြင်းသည် သူတို့နှင့်မဆိုင်၊ မြို့နေလူတန်းစား၏ ကိစ္စဖြစ်သည်။ မောင်သီဟ ဆယ်တန်းဖြေခဲ့သည့်မြို့မှာ အခုထိ တစ်ရက်သုံးနာရီသာ မီးရပြီး သုံးရက်တစ်ခါ မီးပျက်တုန်း။ မီးလောင်မှုအကြီးအကျယ်တွေ ဖြစ်လိုက်လျှင်လည်း မီးပျက်နေတုန်းမေ့သွားလို့၊ ရှော့ဖြစ်လို့၊ ဖြူးစ်လောင်လို့ စသည့်အကြောင်းရင်းများက အများဆုံးဖြစ်သည်။

အခု”ဒီမိုကရေစီ”ဖြစ်ခါနီးအစိုးရက အရင်အစိုးရ အရှုပ်ထုပ်တွေကို ရှင်းရသည့်အထဲမှာ မီးပြဿနာကိုရှင်းရတာ အကြီးဆုံးတစ်ခုဖြစ်မည်။ သဘာဝဓာတ်ငွေ့တွေက တရုတ်၊ အိန္ဒိယ၊ ထိုင်းတို့ကို အနှစ်သုံးဆယ်၊ အနှစ်ငါးဆယ်စသည် ကြိုရောင်းထားလို့ ကုန်ပြီ။ အဲဒီက ရတဲ့ငွေတွေလည်း ဘယ်ရောက်ကုန်ပြီမသိ။ ကွမ်းစားဆေးသောက် ကျပျောက်လို့ ကုန်ပြီထင်သည်။ သည်တော့ အလကားပဲတင်းရသည့် ရေအားလျှပ်စစ်ကိုသာ မျှော်ရတော့မည်။ သတင်းစာထဲတွင်ပြောသည်၊ မိုးရွာ​ေအာင် ဆုတောင်းကြပါ တဲ့။

ဖယောင်းတိုင်ထွန်းပြီး မြို့ထဲထွက်ဆန္ဒပြခြင်းသည်လည်းကောင်း၊ သဘာဝဓာတ်ငွေ့ဖြင့် ရမည့် လျပ်စစ်ဓာတ်အားကို မျှော်လင့်ခြင်းသည်လည်းကောင်း၊ မီးမှန်မှန်လာသည့် နေပြည်တော်ကို ပြောင်းရွှေ့ဖို့အကြံသည်လည်းကောင်း မဖြစ်နိုင်တော့ပြီ။ မောင်သီဟသည် ပုဆိုးကို မြှောင်အောင်ကြိုက်လိုက်ကာ လွန်ဆွဲနေကြသော ကလေးအုပ်၏ နောက်ဆုံးတွင် ဝင်ရပ်လိုက်သည်။ ဟိုဘက်က ကလေးထု၏ မကျေမနပ်သံတွေ ထွက်လာသည်။ မတတ်နိုင်၊ မီးလာဖို့အရေးကြီးသည်။

Myanmar at night, 2001, Satellite photo by NASA.

Summary: This essay is about “Tug of War” to get electricity in Myanmar. Traditionally, tug of war is usually held to get rain. Myanmar mainly relies on hydro powered generators for electricity. So, basically, the more rain, the more electricity. Crops can wait rain. But people cannot since most of everyday tasks need electricity. Despite the candle light protests, this is a crisis that government cannot solve immediately. So, the last desperate effort is to play tug of war to get rain to get electricity.

Tags: , , , , ,

· · · ◊ ◊ ◊ · · ·