Burmese Unaspirated and Aspirated Consonants, Burmese (Myanmar) Consonants (Characters, Letters)

Burmese Unaspirated and Aspirated Consonants

သံပျော့ သိထိလ အက္ခရာတွေက က, ဂ, င, စ, ဇ, ဉ , ဋ, ဍ, ဏ, တ, ဒ, န, ပ, ဗ, မ တို့ ဖြစ်ပြီး သူတို့ကို ဟ သံကပ်လိုက်ရင် ခ, ဃ, ဆ, ဈ, ဌ, ဎ, ထ, ဓ, ဖ, ဘ တို့ရတယ်။ သံတင်း ဓနိတ အက္ခရာတွေလို့ ခေါ်တယ်။ (သံပြင်း သံညင်း ဖြစ်တဲ့ ဃောသ အဃောသနှင့် မရောပါနှင့်)။ မြန်မာစာမှာ မှတ်သားစရာ တစ်ခုက သိထိလကို ဟ သံ ကပ်လိုက်ရင် (ဓနိတ သို့မဟုတ် ဟထိုး) ရတဲ့ အသံနဲ့ ကြိယာအများစုဟာ ပြုသူကြိယာ (Active Verb) တွေဖြစ်ပြီးတော့ သိထိလ မူရင်းသံကတော့ ဖြစ်သူကြိယာ (Passive Verb) တွေ ဖြစ်နေတတ်တယ်။ ဥပမာ ဖျက်ဆီး လို့ ပျက်စီးတယ်၊ ချိုးဖဲ့ လို့ ကျိုးပဲ့တယ် အစရှိတာတွေ ဖြစ်ပါတယ်။ သိထိလ အက္ခရာမဟုတ်တဲ့ ရကောက်နဲ့ လ အက္ခရာတွေမှာလည်း ဟထိုး ကပ်လိုက်ရင် Active ဖြစ်ပြီး မကပ်တာက Passive ဖြစ်ပါတယ်။ အမြဲပုံသေလားဆိုတော့လည်း မဟုတ်ပါ။ ဥပမာ ထိ နဲ့ တိ၊ ခင် နဲ့ ကင်၊ ချစ် နဲ့ ကျစ် ၊ လှုပ် နဲ့ လုပ် စတာတွေ ဖြစ်ပါတယ်။

ဒီလင့်ကတော့ သိထိလနဲ့ ဓနိတ ကြိယာအတွဲတွေ စုစည်းထားတာ ဖြစ်ပါတယ်။ ရှိသလောက်စုံပြီထင်ပါတယ်။ ပေါင်းစပ်ကြိယာတွေတော့ မပါပါ။ ဥပမာ ချိုးဖျက် ကျိုးပျက် အတွဲဆိုရင် ချိုး ကျိုး၊ ဖျက် ပျက် အတွဲတွေပဲ ထည့်ထားပါတယ်။ ဒီထဲ မပါသေးဘူးထင်တာတွေ မှတ်ချက် ဝင်ရေးသွားပေးပါ။

Tags: , , , , , , , , , , , , ,

· · · ◊ ◊ ◊ · · ·

တစ်ခါတလေ မြန်မာစာတတ်တတ် မတတ်တတ် မထူးပါဘူး၊ ဘယ်နေရာမှာမှ သုံးစားမရဘူးဆိုတာ ပြောသံကြားရင် စိတ်ဆိုးချင်တယ်။ မြန်မာဖြစ်ပြီး ဒီလိုပြောရကောင်းလားပေါ့လေ။ သေချာတွေးကြည့်တော့လည်း ဟုတ်တယ်။ နိုင်ငံခြားရောက် မြန်မာတစ်ယောက်အနေနဲ့ မြန်မာအသိုင်းအဝိုင်းနဲ့ ဆက်သွယ်စရာအကြောင်းမရှိရင်၊ ရှိရင်တောင်မှ တခြားဘာသာစကားနဲ့ ပြောဆိုလို့ ရနေသေးရင် မြန်မာစာတတ်ထားတာ အပိုလိုလိုဖြစ်နေတယ်။

နိုင်ငံတစ်ခုမှာ ကိုယ်ပိုင်ဘာသာစကားရှိတော့ ဘာလုပ်လို့ရလဲဆိုတော့ ဝံ့ကြွားလို့ရတာပေါ့လို့ပဲ ပြောစရာရှိမယ်။ ဂျပန်တို့ ထိုင်းတို့လို နိုင်ငံတကာအသိုင်းအဝိုင်းမှာ ဝင်ဆန့်ပြီးအထိုက်အလျောက်တိုးတက်နေတာမဟုတ်တော့လည်း မြန်မာလိုတတ်ရင် မြန်မာပြည်မှာ အလုပ်သွားလုပ်လို့ရတာပေါ့လို့လည်း ပြောမရ။ မြန်မာလိုနကန်းတစ်လုံးမသိဘဲ ဂျင်ပေါ်ကထုံး လာလုပ်စားနေတဲ့လူတွေက ပိုများသကိုး။ စောစောက ဝံ့ကြွားလို့ရတယ်ဆိုတာလေးပဲ ပြန်ကောက်စရာရှိတယ်။ ကိုယ်ပိုင်ဘာသာစကား၊ စာ ရှိတော့ ဂုဏ်ယူတာ ဒါ မာန်ပေါ့၊ ဇာတိမာန်။ မျိုးချစ်စိတ်။ ဒို့စာ၊ ဒို့စကား၊ လေးစားပါ၊ ချစ်ပါ၊ မြတ်နိုးပါ ဆိုပြီး ကြွေးကြော်ခဲ့ကြတာ။

စကားမစပ် ဒီနေရာမှာ မြန်မာစာ၊ ဗမာစာ အသုံးကွဲနေတာနဲ့ ပတ်သက်ပြီးနည်းနည်း ပြောချင်သေးတယ်။ သိတဲ့အတိုင်း မြန်မာစာဆိုတာ ဗမာစာပါပဲ။ မြန်မာစာသင်လို့ ရှမ်းလိုလည်း တတ်မသွားသလို မွန်လိုလည်း မဖတ်တတ်၊ ရခိုင်လိုလည်းမရေးတတ်ပါ။ မြန်မာဆိုတာ ဗမာရဲ့မူကွဲအသုံးတစ်ခုပါ။ ဒါပေမဲ့ လွတ်လပ်ရေးနောက်ပိုင်း ဗမာဆိုတာ ဗမာလူမျိုးကြီးတစ်ခုကိုသာ သုံးနှုန်းပြီး မြန်မာဟာ တိုင်းရင်းသားအားလုံးကိုခေါ်တာရယ်ဆိုပြီး ဖွင့်ဆိုပုံပြောင်းသွားပါတယ်။ ဒီလိုသာဆိုရင် မြန်မာစာဆိုတာလည်း တိုင်းရင်းသား စာတွေ အကုန်ပါတာ ဖြစ်သင့်ပါတယ်။ တကယ်ကဒီလိုမဟုတ် မြန်မာစာဟာ ဗမာစာသာ ဖြစ်နေပါတယ်။ တွေ့ဖူးတဲ့ ဘာသာဗေဒဆိုင်ရာ စိတ်ဝင်စားသူနိုင်ငံခြားသားများကတော့ ဗမာစာ Burmese/Bamarsar(Bamar Language) လို့ သုံးနှုန်းပါတယ်။ ဟုတ်တော့လည်းဟုတ်တယ်။ “I speak/write Myanmese/Myanmar” လို့ ဘယ်သူမှမပြော၊ “I speak Burmese” သာ ပြောကြပါတယ်။ ဒါပေမယ့် ရုံးသုံးဝေါဟာရ မြန်မာစာလို့ သတ်မှတ်ထားတဲ့အတွက် မြန်မာစာလို့သာ ဆက်သုံးသွားပါမယ်။

ပြန်ဆက်ရရင် ရွှေမြန်မာတွေက အမျိုးချစ်တဲ့နေရာမှာ နာမည်ကြီးတယ်။ နိုင်ငံတင်မဟုတ်၊ ပြည်နယ် တိုင်းဆိုလည်း ကိုယ့်ပြည်နယ်အားပေးလိုက်ရမှ၊ မြို့နယ်ဆိုလည်း ငါတို့ မြို့နယ်မှ၊ ရွာဆိုလည်း တို့ရွာမှ၊ ရပ်ကွက်ဆိုလည်း တို့ရပ်ကွက်၊ ရပ်ကွက်ထဲမှာတောင် တို့အပိုင်း သူ့အပိုင်းဆိုတာက ရှိသေး။ ဒီတော့ မျိုးချစ်ကြတဲ့နေရာမှာ နှစ်ယောက်မရှိ။ မျိုးချစ်စိတ်ဆိုတာ အမျိုးသားအကျိုးစီးပွားတိုးတက်ရေး၊ နိုင်ငံတစ်ခုတိုးတက်ရေးအတွက် မရှိမဖြစ်လိုတဲ့အရာ။ အဲဒါမရှိရင် ပေါက်ဖော်ကြီးက လာလှီးလှီး၊ အန်ကယ်ဆမ်က လာပိတ်ပိတ် ကိုယ်နဲ့မဆိုင်ရေးချမဆိုင် ဘေးထိုင် လက်ပိုက်ကြည့်နေလို့ရတယ်။ ရှိလွန်းပြန်တော့လည်းမကောင်း။ မျက်ကန်းမျိုးချစ်စိတ်တွေဖြစ်တော့ ဘေးလူဘေးတီးပေးတာနဲ့ ကိုယ့်အချင်းချင်းပြန်ပတ်ချနေတော့ ဒါနဲ့ပဲလုံးလည်ချာလည်လိုက်ပြီး ရွှေပြည်တော် မျှော်တိုင်းဝေးဖြစ်နေရပေါ့။

အဲဒီတော့ ပြောချင်တာက မြန်မာစာမတတ်လည်း အရေးမကြီးဆိုသူများ အပြစ်မရှိကြောင်း၊ အပြစ်မပြောသင့်ကြောင်းပါ။ မြန်မာမှာတောင် တရုတ်၊ ကုလား၊ တိုင်းရင်းသားများ မျိုးဆက် သုံးလေးဆက်ခြားသွားရင် မြန်မာစိတ်ပေါက်လို့ မြန်မာလုံးလုံး ဖြစ်ကုန်တာ မေ့လို့မရ။ နိုင်ငံခြားရောက်သွားတဲ့ ရွှေများလည်း ကြာရင်အရောင်ပြောင်းမှာပဲ။ တရုတ်စာများလို သင်ချင်ရင်အလွယ်သင်ပေးမယ့်လူရှိတဲ့ ဘာသာစကား မဟုတ်လေတော့လည်း နိုင်ငံခြားရောက် မြန်မာမျိုးဆက်သစ်များ မြန်မာစာမတတ်တော့တာ သဘာဝလို့ နားလည်ပေးလို့ရတယ်။ မြန်မာစာ တတ်ဖို့ အမှန်လိုအပ်တာပေါ့လို့ ခံယူထားသူများ အနေနဲ့တော့ သတ်ပုံလေးတော့ မှန်စေ့ချင်တယ်။ ပြည်တွင်း မြန်မာစာကို အနည်းဆုံး ဆယ်နှစ်ဆယ်မိုး သင်ကြားထားသူများ၊ မြန်မာလို နေ့တိုင်းပြောနေရသူများ အနေနဲ့ကတော့ စာလုံးပေါင်းသတ်ပုံနဲ့ သဒ္ဒါအထားအသိုကို အထူးဂရုစိုက်သင့်ကြောင်းပါ။ လူတစ်ယောက်ရေးတဲ့စာဖတ်ပြီး အဲဒီမှာပါတဲ့ ဝေါဟာရအရေအတွက် သုံးနှုန်းပုံ ရေးသားပုံနဲ့ သတ်ပုံအကျအပေါက်ကိုကြည့်ပြီး ဒီလူ စာဘယ်လောက်ဖတ်လဲ မှန်းလို့ရတယ်။

ပျောက်ကွယ်တော့မယ့် ရှေးဟောင်းအမွေအနှစ်တွေကို ထိန်းသိမ်းရဆို မဟုတ်လား။ ရခိုင်စာ၊ မွန်စာဆိုတာ ဗမာကိုလိုနီဖြစ်ပြီးကတည်းက တဖြည်းဖြည်းမှိန်လာလိုက်တာ အခုဘာကျန်လို့တုန်း။ ပြောပြန်ရင်လည်း ကိုယ့်ပေါင်ကိုယ်လှန်ထောင်းရာကျမယ်။ နိုင်ငံ လူမျိုးတစ်ခု အားနည်းလာရင် သူ့ယဉ်ကျေးမှု၊ စာ၊ ဘာသာစကားလည်း ရောပြီးချည့်နဲ့လာတာပဲ။ ဒီလိုပြောလို့ မြန်မာစာကွယ်တော့မယ်လို့ ပြောနေတာတော့မဟုတ်။ အခိုင်အမာရှိပြီးသား ဘာသာစကားတစ်ရပ်ကို တည်တံ့အောင်၊ တည်တံ့ရာကနေ ဖွံ့ဖြိုးအောင် မျိုးဆက် တစ်ဆက်ပြီး တစ်ဆက် လက်ဆင့်ကမ်းရမယ် မဟုတ်ပေဘူးလား။ ထိန်းသိမ်းရုံပဲ ထိန်းသိမ်းထားရင် ကြာရင်ကောမှာပဲ။ ဗြိတိသျှကိုလိုနီခေတ်လောက် မြန်မာစာ ဖိနှိပ်ခံရတာ ဘယ်မှာ ရှိမလဲ။ ဒီကြားထဲကပဲ မြန်မာလူငယ်မျိုးဆက်သစ်တွေက ဆောင်ပုဒ်တွေ၊ ခံယူချက်တွေနဲ့ကြိုးစားခဲ့လို့ ခေတ်သစ်မြန်မာအရေးအသားတစ်ရပ်ကို ရောက်လာတယ်လို့ ပြောလို့ရတယ်။ ဘာပဲပြောပြော စာလုံးပေါင်းမှားမှန် တိုက်စစ်စရာ မြန်မာသတ်ပုံကျမ်းလည်းရှိပြီ။ (ကဝိလက္ခဏာကျမ်းလို ရှေးဟောင်းအရေးအသားတော်တော်များများကတော့ ခုခေတ်မှာ ဘယ်သူမှ မသုံးတော့။ သုံးတဲ့လူရှိသေးလား သိချင်တယ်။) မြန်မာသဒ္ဒါကျမ်းလည်းရှိပြီ။ ကဲ အခု ယူနီကုဒ်လည်းရှိပြီ။ ဆက်လုပ်သွားရမှာတွေက အများကြီးပဲ။ ဆရာကြီး မင်းသုဝဏ်တို့စခဲ့တဲ့ မြန်မာဝေါဟာရကျမ်းကို ထပ်ဖြည့်ရမယ်။ မြန်မာဝီကီပီးဒီးယားကို စုံသထက်စုံအောင် ထပ်ဖြည့်ကြရမယ်။ မြန်မာစာကို ကမ္ဘာကသိအောင် ဘိုလိုဆောင်းပါးတွေလည်း ရေးရမယ်။ ဂန္ထဝင်စာအသစ်တွေ ပိုများလာအောင် ကိုယ်ပိုင်အတွေးအခေါ်အသစ်တွေနဲ့ စာအသစ်တွေ အများကြီးရေးရမယ်။ ဘာသာပြန်ဆော့ဝဲ၊ အိုစီအာရ်၊ စာကနေစကားသံထွက်တဲ့ဆော့ဝဲ၊ မြန်မာစာကွန်ပျူတာစနစ်တွေ အများပြည်သူလက်ထဲ အလွယ်တကူသုံးနိုင်အောင် လုပ်ရမယ်။ မယ်… မယ်…. မယ်…။ လုပ်စရာတွေက အများကြီးပဲ။ အရေးမကြီးဘူး၊ မလိုဘူးထင်ရင်ဟိုနားသွားထိုင်၊ မျက်နှာလွှဲထားလို့ရတယ်။ ကြည့်မနေနိုင်ရင်တော့ လာကူပေးပါ၊ လူလိုနေတယ်။

Tags: , , , , , , , ,

· · · ◊ ◊ ◊ · · ·