Monday 12th November 2007

by Lionslayer
တစ်ခါက ရွာတစ်ရွာမှာ ငပျင်းဆိုတဲ့ လူတစ်ယောက် ရှိပါသတဲ့။ ပျင်းလိုက်ပုံများ နှစ်ယောက်မရှိပါဘူးတဲ့။ တစ်နေ့တော့ ငပျင်းအမေက ခေါ်ပါလေရော။ 

“ဟဲ့ သားလေးငပျင်း… ငှက်ပျောသီးလာစား”

“ဟာ… ပျင်းတယ်… အခွံနွှာပေး”

“ပြီးပြီ… ရော့”

“ဝါးရမှာပျင်းတယ်… အမေဝါးပေး”

“ပြီးပြီ”

“မျိုချရမှာ ပျင်းတယ်… အမေပဲ မျိုချလိုက်တော့”

အဲလောက်ကိုပျင်းတာ။ ပုလင်းနက်ဖိုရမ်ထဲ ဝင်ရင်လည်း တော့ပစ်တွေတင်တင်ပြီး ပျင်းလွန်းလို့ဆိုပြီး တစ်ခါမှ ဝင်မရေးပါဘူးတဲ့။ သူတင်တဲ့တော့ပစ်တွေမှာလည်း စာရိုက်ရမှာ ပျင်းလို့ဆိုပြီး ဘာခေါင်းစဉ်မှ မတပ်ပါဘူးတဲ့။

ဂလိုနဲ့ပဲ နောက်ဆံတတင်းတင်းနဲ့ ငပျင်းမိဘနှစ်ပါးဟာ ရှေ့ဆင့်နောက်ဆင့် ဆုံးပါးသွားပါလေရောတဲ့။ ငပျင်းတစ်ယောက်ဟာ ချက်တင်ဝင်လိုက်၊ ဂိမ်းဆော့လိုက်၊ အိပ်လိုက်၊ စားလိုက် လုပ်နေရင်းက မိဘနှစ်ပါးထားခဲ့တဲ့ အမွေများ တဖြည်းဖြည်းပြောင်လာလိုက်တာ နွားပိန်တရှဉ်းနဲ့ အိမ်တစ်လုံးပဲ ကျန်ပါတော့ သတဲ့။ အဲဒီနွားပိန်တစ်ရှဉ်းဟာလည်း ငပျင်း ဂရုမစိုက်တဲ့အလျောက် ရွာထဲမှာ ဟိုခြံဝင် ဒီခြံထွက်နဲ့ ရွာသားတွေရဲ့ တောက်ညင့်ကပ်မှုကို အတော်လေး ခံရပါသတဲ့။ ဂလိုနဲ့ တစ်နေ့တော့ နွားတစ်ရှဉ်းခမျာ အသွားမတော် တစ်လှမ်း ဆိုသလို လူဖြောင့်စိတ်တို မုဆိုးကြီး ကိုဟိတ်ရဲ့ ညှောင့်ကျင်းထဲကျပြီး မာလကီးပါလေရော။ ကိုဟိတ်လည်း အားနာနာနဲ့ ငပျင်းကို ဝင်ပြောသတဲ့။

“မင်းနွားနှစ်ကောင်တော့ သွားရှာပြီကွာ… ကျွတ်ကျွတ်… အသားကိုပေါ်ပြီး အရပ်ဝေလိုက်တော့မယ်နော်… ရှလွတ်”

“သဘော သဘော… ကျန်တဲ့အရေခွံသာ ကျနော့်ပေး”

နွားအရေခွံလည်းရရော အိမ်ပြင်မှာ နှစ်ရက်လောက် အခြောက်လှမ်းပြီး အဲဒီနွားအရေခွံ မစိုမခြောက်ကြီးကို လိပ်နေပါသတဲ့။ ရွာသားတွေလဲ ဝိုင်းစပ်စုတာပေါ့။

“မစိုမခြောက်ကြီးနဲ့ ဘာလုပ်မလို့လဲ”

“အို… သူများကို အဲလိုမပြောပါနဲ့… အဲလေ… ဟိုဘက်ရွာမှာ ဆင်ခုနစ်ကောင် ဖိနပ်လုပ်ငန်းက အဲဒီနွားအရေခွံ မစိုမခြောက်တွေကို ဈေးကောင်းပေး ဝယ်နေတယ်တဲ့”

ငပျင်းလည်း ရွှီးလိုက်တာပေါ့။ အမှန်က ဘယ်ဟုတ်ရမှာလဲ။ ခြောက်တဲ့အထိ စောင့်ရမှာ ပျင်းလို့။ ရွာသားတွေလည်း ငပျင်းအကြောင်း နောကြေနေပြီမို့ မယုံတဲ့ အကြည့်နဲ့ ကြည့်ကြည့်ပြီး ထွက်သွားကြသတဲ့။ ငပျင်းလည်း ရှက်ရှက်နဲ့ သူအလိပ်ကြီးကို ကောက်ထမ်း ရွာပြင်ကို သုတ်သုတ်သုတ်သုတ်နဲ့ ထွက်သွားပါလေရော။ ဂလိုနဲ့ ခြေဦးတည့်ရာ လျှောက်သွားလိုက်တာ မှောင်လာတော့ သစ်ပင်တစ်ပင်ပေါ်တက်၊ သူ့အလိပ်ကြီး ခေါင်းအုံးပြီး အိပ်နေပါသတဲ့။ သန်းခေါင်လောက်လဲရောက်ရော လူတစ်စု မှောင်ရိပ်ခိုပြီး အဲဒီသစ်ပင်အောက် ရောက်လာပါသတဲ့။ သူတို့ကတော့ ဓားပြတိုက်ပြီး ဝေစုလာခွဲတဲ့ ဓားပြအုပ်စုပေါ့။ ခေါင်းဆောင်ကတော့ ဂိုဏ်းချုပ်ကြီး လေရူး။( ထီးကိုင်းများ၊ ဖိနပ်များ ချုပ်သူမဟုတ်)

“ကဲ… အားလုံးပဲ ဝေစုခွဲမယ်… ထိုင်ကြ။”

“ဆရာ… အနော်က အင်ခရစ်လုပ်ထားတဲ့ စစ်ကျူရတီကုတ်ကို ဖြေပေးတာနော်… အနော် ဝေစုပိုရသင့်တယ်။”

“အနော်က အလာမ်းစစ်စတမ်ကို ဒစ်ဇေးဘဲ လုပ်ပေးတာနော်… အနော်ပိုရမှ ဖြစ်မယ်။”

“ဓားစာခံတွေကို ပွိုင့်သာတီအိတ်တစ်လက်တည်းနဲ့ ထိန်းရတဲ့ အနော့ကိုလည်း ထည့်တွက်အုံးမှပေါ့ ဆရာရူးရဲ့။”

“ဟိတ်… တိတ်ကြစမ်း… ဒီပလန်းကို ခေါင်းဆောင်စီစဉ်တဲ့ ငါသာလျှင် အရေးအပါဆုံး… ဟီးဟီးဟီး… ဒီတော့ ငါပဲ ဝေစုပိုရသင့်တယ်။”

(သံပြိုင်) “အဟင့်ဟင့်… ဆရာရူး မတရားဘူး။”

“ဘာကွ… ငါမတရားရင် မိုးကြိုးအကြိမ်တစ်ထောင် ငါ့ငယ်ပါတည့်တည့် အဲလေ ငါ့ငယ်ထိပ်တည့်တည့် ပစ်ပါစေကွာ… ဟွန်း…”

အဲဒီအချိန်မှာပဲ ငပျင်းရဲ့ သားရေလိပ်ကြီးဟာ ခေါင်းအောက်ကလျှောပြီး ပြုတ်ကျလာသတဲ့။

“ဝုန်း.. ဂျုန်း.. ဂျလုံး.. ဖြောင်း… ဂျွတ်…”

ဓားပြအုပ်စုလည်း မိုးကြိုးပစ်ပါပြီဆိုပြီး ရှိတာတွေ ပစ်ချ၊ ကိုယ်လွတ်ရုန်း ထွက်ပြေးကြပါလေရော။ မနက်မိုးလင်းလို့ သစ်ပင်အောက်ဆင်းလာတဲ့ ငပျင်းမတော့ ရတနာထုပ်ကြီးကို တွေ့ပြီး နဝေတိမ်တောင် ဖြစ်နေပါသတဲ့။ ရတနာတွေကများလွန်းတော့ အားလုံးကို မသယ်နိုင်တာနဲ့ နည်းနည်းလောက်ကို ပုဆိုးခါးပုံစထဲထည့်၊ ကျန်တာတွေကို မြေကြီးထဲမြုပ်ပြီး ရွာကို မြောက်ကြွမြောက်ကြွနဲ့ ပြန်လာပါသတဲ့။ရွာသားတွေလဲ ငပျင်းကို နားမလည်နိုင်တဲ့ အကြည့်နဲ့ ကြည့်ပြီး ရတနာတွေ ဘယ်လိုရလာလဲဆိုတာ ဝိုင်းမေးကြသတဲ့။

“ဟီး အနော်ကျောသားပဲ။ ဟိုဘက်ရွာမှာ မစိုမခြောက်တွေကိုဈေးကောင်းပေး ဝယ်နေပါတယ်လို့။”

ငပျင်းလည်း ပြီးပြီးရော ပေါပေါကြီး ဖြေလိုက်တာပေါ့။ ရွာသားတွေလည်း ဒီတစ်ခေါက်တော့ ငါတို့ပွပြီဆိုပြီး ရွာထဲက ရှိသမျှနွားတွေကို ပေါ်၊ မခြောက်တခြောက်နေလှမ်းပြီး ဟိုဘက်ရွာကို အုပ်စုလိုက် သွားရောင်းကြသတဲ့။ ဟိုဘက်ရွာရောက်တော့မှ အလိမ်ခံလိုက်ရမှန်း သိတဲ့ ရွာသားတွေမှာ ဒေါသတကြီးနဲ့ အုပ်စုလိုက် ပြန်လာပြီး ငပျင်းအိမ် ကို မီးတင်ရှို့လိုက်ကြသတဲ့။ အင်တာနက်ကဖေးကပြန်လာတဲ့ ငပျင်းခမျာ ပြာပုံ အတိဖြစ်နေတဲ့ သူ့အိမ်ကိုမြင်လိုက်ရပေမယ့် ဘာမှမပြောဘဲ ပြာတွေကိုတောင်းတစ်လုံးထဲ ကောက်ထည့်ပြီး သုတ်သုတ်သုတ်သုတ်နဲ့ ရွာပြင်ကို ထွက်သွားပါသတဲ့။ စိတ်ဆိုးပုံမရတဲ့ ငပျင်းကိုကြည့်ပြီး ရွာသားတွေလည်း အံ့သြနေကြတာပေါ့။ ငပျင်းလည်း တောထဲသွား၊ ရတနာတွေကို တောင်းထဲထည့်ပြီး ညနေစောင်းလောက်မှ ရွာပြန်လာသတဲ့။ ရတနာတွေပါလာပြန်တဲ့ ငပျင်းကိုကြည့်ပြီး ရွာသားတွေလည်း စပ်စုကြပြန်ပါရော။ ငပျင်းကတော့ ခပ်တည်တည်ပဲ။

“ကိုရီးယားစတိုင် အိုးတိုက်ဖွဲပြာ လုပ်မလို့တဲ့… ဟိုဘက်ရွာမှာ အိမ်ပြာတွေကို ဈေးကောင်းပေးဝယ်နေတယ်။”

ရွာသားတွေလဲ အဟုတ်မှတ်ပြီး ညတွင်းချင်း ကိုယ့်အိမ်ကိုယ် မီးရှို့ကြတာ တစ်ရွာလုံး မီးဟုန်းဟုန်းတောက်ပါလေရော။ မီးအား ဘယ်လောက်ကောင်းလဲဆိုရင် ဆယ်မိုင်အကွာက သန်းတုပ်လို့ ရပါသတဲ့။ နောက်နေ့မှာတော့ တောင်းကိုယ်စီထမ်းလို့ အိမ်ပြာသွားရောင်းတဲ့ ရွာသားတွေခမျာမှာ ခရီးစရိတ်တောင် ကြေအောင်မရောင်းရဘဲ ပြန်လာရပါသတဲ့။ ဒေါသချောင်းချောင်းထွက်နေတဲ့ ရွာသားတွေဟာ ချက်တင်ကျူနေတဲ့ ငပျင်းကို ဝိုင်းဖမ်းပြီး ဂုန်နီအိတ်နဲ့ထုပ်၊ ကမ်းစပ်က လမုပင်ကြီးပေါ်မှာ ကြိုးနဲ့တုပ်၊ တွဲလောင်းချိတ်ထားပါသတဲ့။ ဒီရေတက်လာရင် ကြိုးဖြတ်ချမယ်ပေါ့။ အဲဒီအချိန်မှာပဲ နွားကျောင်းသားလေး ဂျွန်ဝူး ဟာ ပုလွေကျူရင်း နွားအုပ်ကြီးကို ကျောင်းလာပါသတဲ့။ ပုလွေသံကြားလိုက်ရတဲ့ ငပျင်းဟာ ဂုန်နီအိတ်ထဲကနေ ဝူးဝါးဝူးဝါးနဲ့ ထအော်ပါလေရော။

“အဟင့် အဟင့် သူကြီးသမီးကို မယူပါရစေနဲ့… မယူပါရစေနဲ့… “

ဂျွန်ဝူးလည်း စိတ်ဝင်စားသွားပြီး လှမ်းမေးသတဲ့။

“သူကြီးသမီးက ဒါလောက်ချောတာ… ဘာလို့မယူချင်ရတာလဲ…”

သူ့သမီးကို ယူရင် သူကြီးရာထူးကို ဆက်ခံရမယ်တဲ့… အနော်ကအေးအေးပဲ နေပါရစေလို့ ကျောတာကို လက်မခံဘဲ သဘူမတောမချင်း ဒီမှာ ချိတ်ထားမယ်တဲ့… အဟင့် အဟင့်…”

“ဟာ… ပိန်းလိုက်တာကွာ… နေရာချင်းတောင် လဲလိုက်ချင်တယ်… ဒီလိုလုပ် ငါ့နွားတွေ မင်းယူ… ငါက မင်းကိုယ်စား အထုပ်ထဲ ဝင်နေမယ်… ဘယ်လိုလဲ…”

ငပျင်းလည်း သဘောမတူချင် တူချင်ပုံလေးနဲ့ လက်ခံလိုက်တာပေါ့။ ငပျင်း နွားအုပ်ကြီးနဲ့ ထွက်သွားချိန်မှာ ဂျွန်ဝူးတစ်ယောက် ဂုန်နီအိတ်ထဲမှာ သွားဖြဲပြီး ကြည်နူးနေပါသတဲ့။ ဒီရေတက်လာချိန်မှာ ရွာသားတွေရောက်လာပါလေရော။

“သူကြီးသမီးကို ယူမယ်… သူကြီးသမီးကို ယူမယ်…”

ဂုန်နီအိတ်ထဲက စူးစူးဝါးဝါးအော်သံကို ကြားလိုက်ရတဲ့ ရွာသားတွေဟာ ဂျွန်ဝူးကို ဝိုင်းရိုက်ပြီး ရေထဲ ကန်ချလိုက်ကြပါလေရော။ (နောက်ပိုင်း ဂျွန်ဝူးဘာဖြစ်သွားသည်ကို အနော်တကယ်မသိပါ။)

“ဟင်း သေခါနီးတောင် တဏှာရူးနေသေးတယ်”

ညနေလည်းစောင်းရော ငပျင်းတစ်ယောက် ပုလွေမှုတ်ရင်း ရွာထဲကို နွားတစ်အုပ်နဲ့ ပြန်လာပါသတဲ့။ ရွာသားတွေလည်း မျက်လုံးပြူး မျက်ဆံပြူးနဲ့ ဖြစ်ကြောင်းကုန်စင်ကို စပ်စုကြပါသတဲ့။

“အနော် ရေထဲလဲရောက်ရော နဂါးမင်းကြီးနဲ့ တွေ့တယ်”

“နဂါးမင်းက ဘယ်လိုပုံလဲဟင်… ကိုစီအမ်တို့၊ ကိုအားဂလီးတို့လိုမျိုး ခပ်ဖြောင့်ဖြောင့်လား…”

“အဟီး… ဟုတ်ဘူး… ကိုမဟာလိုမျိုး ခန့်ချောကြီး…”

“အင်း… အဲဒီတော့…”

“အဲဒီတော့သူက အနော့ကိုပြောတယ်… နွားတွေကြိုက်သလောက် ဖမ်းသွား တဲ့…”

“ဟင်.. ရေထဲမှာ နွားတွေရှိတယ်… ဟုတ်လား…”

“သြော်… မယုံရင် ဒီမှာ အနော်ဖမ်းလာတဲ့ နွားတွေသာ ကြည့်ပေတော့… ပြီးတော့ ပြောလိုက်သေးတယ်… နွားတွေထပ်လိုချင်ရင် ဒီရေတက်ချိန်မှာ ဂုန်နီအိတ်စွပ်ပြီးလာငုပ်လှည့် တဲ့”

ရွာသားတွေလည်း ဝမ်းသာအားရနဲ့ ခုန်ပေါက်ပြီး အိမ်ကိုပြန်ပြေးကြပါလေရော။ နောက်နေ့လည်းကျရော ကမ်းစပ်က လမုပင်တွေမှာ တွဲလောင်းဆွဲထားတဲ့ ဂုန်နီအိတ်တွေ အစီအရီပါပဲတဲ့။ အကြောင်းရင်းကတော့ တစ်ရွာလုံးလိုလို နွားငုပ်ဖို့ ပြင်ဆင်နေတာပါတဲ့။ ဒီရေလည်းတက်လာရော ရွာသားတွေရဲ့ ဇနီးဖြစ်သူတွေဟာ ဝမ်းသာအားရနဲ့ ကြိုးတွေကို ဖြတ်ချလိုက်ကြတာ တဗွမ်းဗွမ်းနဲ့ ဆူညံနေပါသတဲ့။

နောက်နေ့ရောက်တဲ့အထိ နွားငုပ်သွားကြသူ ရွာသားတစ်စုဟာ ပြန်ပေါ်မလာပါဘူးတဲ့။ ဒီအချိန်မှာ ငပျင်းရောက်လာပြီး ပြောပါသတဲ့။

“အဟီး တစ်ခုပြောဖို့ မေ့သွားတယ်… နဂါးမလေးတွေက သိပ်ချောတော့ တော်ရုံလူဆို ပြန်လာချင်မှာ မဟုတ်ဘူး”

ဂလိုနဲ့ ငပျင်းဟာ အားကိုးရာမဲ့နေတဲ့ အမျိုးသမီးလေးများကို လက်ထပ်ပြီးသကာလ ရွာသူကြီးအဖြစ် ပျော်ရွှင်စွာ အသက်ထက်ဆုံးနေသွားပါသတဲ့။

ပြီးပါပြီ။
—————————————————————————————-

ဒီပုံပြင်ကပေးတဲ့ သင်ခန်းစာလေးကတော့ အချောင်နေမှ ကောင်းစားကြ။ အဲ မဟုတ်သေးပါဘူး။ များများလိမ်လေ အသက်ရှည်။ အဲ ဒါလည်းမနိပ်သေးဘူး။ သိဘူး။ ကိုယ့်ဟာကိုယ် ကြိုက်သလို ဆွဲတွေးပေတော့။ ပုံပြင်ကို မကြိုက်ရင် အဲဒါ ပုံပြင်ကို စတီထွင်ခဲ့တဲ့လူရဲ့ အပြစ်သာဖြစ်ပါကြောင်း။

Tags: , , , ,

· · · ◊ ◊ ◊ · · ·

Leave a Reply

*