Monday 23rd October 2006

by Lionslayer
တိုက်ဆိုင်မှုရှိပါက တမင်ရည်ရွယ်ထားခြင်းဖြစ်ကြောင်း။

@=={======>
ညနေဘက် ခြေခင်းလက်ခင်းသာပြီဆိုလျှင် အင်းလျားကန်ဘက် လမ်းလျှောက်ထွက်တတ်သည်မှာ သီဟ၏ အကျင့်ဖြစ်လေသည်။ ယခုလည်း ပြည်လမ်းဘေး ပလက်ဖောင်းမှတဆင့် အင်းလျားဘက်သို့ လျှောက်လာစဉ် ရှစ်မိုင်ဘက်မှ အရှိန်ပြင်းပြင်းဖြင့်မောင်းလာသော မြန်မလာဂျစ်ကားတစ်စီးကို မြင်လိုက်ရသည်။

‘ကျွိ…..’

ဂျစ်ကားက သီဟနံဘေးတွင် ထိုးရပ်လိုက်ပြီး ကားနောက်ပိုင်းမှ လူထွားကြီးတစ်ဦးထွက်လာကာ သီဟအား ဖမ်းချုပ်၍ ကားထဲသို့ပစ်ထည့်လိုက်လေသည်။ သီဟတစ်ယောက် မင်သက်မိနေစဉ်တွင်ပင် ကားက ဆောင့်ထွက်သွားသည်။

‘အောင်မလေး… တော်ပါသေးရဲ့ ကိုသီဟရယ်… မနည်းမနည်း ရှာယူရတယ်။’

ကားပေါ်မှ လူဆိုးခေါင်းဆောင်ပုံစံ မျက်မှန်နှင့် လူက သီဟအား ဝမ်းသာအားရ ပြောလိုက်သည်။ သီဟမှာ သူတစ်ခါမှ မမြင်ဖူးသော ထိုလူကို ကြောင်တက်တက်နှင့် ကြည့်နေလေသည်။

‘နေပါအုံးဗျ… ခင်ဗျားက ဘယ်သူလဲ… ဘာလို့ကျနော့်ကို ပြန်ပေးဆွဲလာရတာလဲ။’

‘အာ… ပြန်ပေးဆွဲတာ မဟုတ်ပါဘူးဗျ… အကူအညီတောင်းမလို့ စိတ်လောသွားလို့ပါ…’

လူမိုက်ရုပ်နှင့် လူထွားကြီးက ပျာပျာသလဲ ဝင်ရှင်းသည်။ ၎င်းနောက် လူဆိုးခေါင်းဆောင်ရုပ်နှင့်လူကို လက်ညှိုးထိုး၍ စကားဆက်သည်။

‘သူကတော့ ပုလင်းနက်ရဲ့အက်မင်ကြီးပါ။ ကျွန်တော်က ပုလင်းနက်က တက်ကနေရှင် ဘေဘီပြောင်ပါ။’

သြော် မှတ်မိပြီ… အရင်တစ်ခါက ပန်းကန်နက်ကြီး အဘန်းခံရတုန်းက အစည်းအဝေးမှာ ဆုံဖူးတယ်ထင်တယ်။

‘ဝုတ်တယ် ဝုတ်တယ်…’

အက်မင်ကြီးက သူ့ကိုမှတ်မိသွားသဖြင့် ဝမ်းသာအားရ အာလုပ်သံကြီးဖြင့် သွားကိုဖြဲလျက် ဝင်ပြောသည်။

‘ဒီလိုဗျ… ဆယ်လပိုင်း ကိုးရက်နေ့ညနေပိုင်းကစပြီး ပုလင်းနက်ဆာဗာက ဒေတာတွေ အကုန်ပျောက်ကုန်ပြီ။ အဲဒါဘယ်သူလုပ်သွားမှန်းလဲမသိ… ဒေတာတွေကို ဘယ်လိုပြန်ဆယ်ရမှန်းလည်းမသိနဲ့ ဒုက္ခတွေ့နေလို့ ကယ်ပါအုံးဗျာ…။’

ဘေဘီပြောင်ကလည်း ရောယောင်ခေါင်းညိတ်ကာ ဝုတ်တယ် ဟုမျက်နှာငယ်လေးဖြင့် ဝင်ပြောလေသည်။
@=={======>

မြန်မလာဂျစ်သည် လူလစ်ခိုက် ဂငယ်ကွေ့ကွေ့ကာ မြန်မာတယ်လီပို့ဝင်းရှိရာသို့ မောင်းလာလေသည်။

‘ဒါနဲ့ ခင်ဗျားတို့မှာ ဒေတာတွေကို မှန်မှန် ဘက်ကပ် မလုပ်ဘူးလားဗျ…’

‘ပြောလဲ ခံရတော့မှာပဲ ကိုသီဟရယ်… စက်ထဲမှာက နေရာမလွတ်တာရယ်… ဘက်ကပ်လုပ်ရမှာ ပျင်းတာရယ်ကြောင့် မလုပ်ဖြစ်တာပါ။’

‘စက်ထဲမှာ ဘာလို့နေရာ မလွတ်ရတာလဲ…’

သီဟက အံ့သြသံဖြင့် မေးလိုက်သည်။ ဟတ်ဒစ်တစ်လုံး ဈေးဘယ်လောက်မှ မရှိသောအချိန်တွင် နေရာမလွတ်ဟုဆိုသဖြင့် ထူးဆန်းနေခြင်းဖြစ်သည်။ အက်မင်က မျက်မှန်ကိုပင့်လိုက်ပြီး လည်ချောင်းရှင်းလိုက်သည်။

‘အဟမ်း ဒါက ဒီလိုရှိပါတယ် ဟိုဟာက ဟိုလိုရှိပါတယ်။’

‘ဟာ…. သူ့ရုံးကစက်ထဲမှာ လေးဖြူသီချင်းတွေရယ် ဗီစီဒီ ဒီဗီဒီတွေရယ်ကို ကူးထည့်ထားတာလေ။ ဟိုအခွေတွေကိုလည်း စီးရီးလိုက်ကူးထည့်ထားသေးတယ်။ ရှိသမျှ အိုင်ဒီအီးနဲ့ ဆာတာဒစ်တွေကို ပြည့်နေတာပဲ။ လောက်တောင်မလောက်ဘူး။’

ဘေဘီပြောင်က ဝင်ပြောလိုက်သည်။ အက်မင်က အလိုက်မသိရန်ကော ဟူသည့်အကြည့်နှင့် မျက်စောင်းထိုးသည်။

‘ဘာခွေတွေလဲဗျ…’

‘သြော် ကိုရီးယားကားတွေပါ…’

အက်မင်က ပျာပျာသလဲ မလုံမလဲနှင့် ဖြေရှင်းချက်ပေးသည်။ ဘေဘီပြောင်က မပြောတော့ဘူး ဆိုတဲ့ပုံစံမျိုးနဲ့ မျက်နှာကို ဟိုဘက်လှည့်ထားသည်။ ထိုစဉ် ကားက တယ်လီပို့ဝင်းဝသို့ ရောက်လာသည်။ မျက်နှာတင်းတင်းနှင့် အစ်ကိုကြီးက မှတ်ပုံတင်စစ်ပြီးနောက် ဝင်ခွင့်ပေးလိုက်သည်။

@=={======>

အထဲတွင် နှုတ်ခမ်းမွှေးစစ ကျောက်ကျောရေပက် မျက်နှာနှင့် အသက်သုံးဆယ်ခန့် လူတစ်ယောက် ဟိုဘက်ဒီဘက်လျှောက်နေရာမှ ဝမ်းသာအားရ ပြေးကြိုသည်။

‘ဟာ အက်မင်ကြီးလာပြီ…. ဘယ်လိုလဲဗျ… ကျွန်တော်အခြေအနေတွေသိချင်လို့ ဒီမှာမနက်တည်းက စောင့်နေတာ…’

‘ဟုတ်တယ်… ကျွန်တော်လည်း လာမလို့ပဲ… အင်တာနက်မှုခင်းဆိုင်ရာ အလွတ်စုံထောက် ကိုသီဟကို လိုက်ရှာနေရတာနဲ့ ကြာသွားတယ်။’

‘သူကဘယ်သူလဲဗျ….’

သီဟက ဘေဘီပြောင်ကို တိုးတိုးလှမ်းမေးလိုက်သည်။ ဘေဘီပြောင်က ခါးကြားမှ ကာတွန်းစာအုပ်ကို ဆွဲထုတ်ရင်း ဖြေလိုက်သည်။

‘ကိုမဟာ…တဲ့…. ပုလင်းနက်ရဲ့ တစ်ဦးတည်းသော လူသန်ကြီးအဖွဲ့ဝင်ပေါ့။’

(မှတ်ချက် Strong Member ကို ဘာသာပြန်ထားခြင်းဖြစ်သည်။)

‘ဟင် လူသန်ကြီးသာဆိုတယ် ပိန်ချိချိနဲ့….’

ထိုစဉ် ကိုမဟာက အနားရောက်လာပြီး အတင်းလက်ဆွဲနှုတ်ဆက်သည်။

‘တွေ့ရတာ ဝမ်းသာပါတယ် ကိုသီဟ… ကျွန်တော် မဟာပါ… နောက်တွေ့လည်း လက်ဖက်ရည်တိုက်နော်…’

‘ကျွန်တော်က ကော်ဖီပဲသောက်တာ…’

‘ရတယ် ရတယ်… ဘာဖြစ်ဖြစ်… အလကားသောက်ရ ပြီးရော…’

ထိုစဉ် ဝန်ထမ်းကောင်မလေးတစ်ယောက် လျှောက်လာသဖြင့် အက်မင်ကြီးက လှမ်းမေးလိုက်သည်။

‘နံရံနားက ပုလင်းနက်ဆာဗာ ဘယ်ရောက်သွားလဲခင်ဗျ…’

‘ဟိုထောင့်နားက တံမျက်စည်းတွေ ထောင်ထားတဲ့ဘေးမှာ…’

သီဟက ပုလင်းနက်ဆာဗာဆိုတာ မီးတွေတဖြတ်ဖြတ်လင်းနေတဲ့ လေးထောင့်သေတ္တာ အကြီးကြီးဟု ထင်ထားသည်။ အခုတော့ ချောင်ထဲမှာ ပင့်ကူအိမ်တွေနဲ့ ပုံးဖြူလေးက ငုတ်တုတ်။ ပုံးဖြူလို့သာဆိုရသည်၊ ချေးအလိမ်းလိမ်းကပ်နေသဖြင့် ဝါပုပ်ပုပ်ဖြစ်နေသည်။ အပေါ်မှာလည်း ထမင်းချိုင့်တွေ တင်ထားသည်။

‘အရင်ကရော ဆာဗာဒေါင်းတာတို့ ပျက်တာတို့ ဖြစ်ဖူးလား။’

“ကွန်နက်ရှင်ကြောင့် ဒေါင်းတာကတော့ ခဏခဏဖြစ်ဖူးတယ်ဗျ။ တစ်ခါကတော့ ဝါယာကြိုးတွေကို ကြွက်ကိုက်သွားတာရယ်၊ ဆာဗာပေါ်မှာ ဒီကဝန်ထမ်းတွေ ထမင်းတင်စားရင်း ဟင်းရည်ဖိတ်ကျလို့ ရှော့ဖြစ်သွားတာရယ်ကြောင့် ပျက်ဖူးတာတွေတော့ ရှိပါတယ်။”

‘အန်…’

သီဟရော ကိုမဟာပါ ပြူးသွားကြသည်(မျက်လုံး)။ ပုလင်းနက်ကို ဒီလောက်အဖြစ်ဆိုးမယ်လို့ ထင်မထားခဲ့ကြ။

@=={======>

သီဟက အိတ်ကပ်ထဲမှ ပီဒီအေလေးကို ထုတ်ပြီး ဆာဗာနှင့်ချိတ်လိုက်သည်။ ဆာဗာရှိ ဟက်ဒစ်ကို စကင်လုပ်ထားသော ရလာဒ်များ တစ်ကြောင်းပြီး တစ်ကြောင်းတက်လာသည်။ အဖြေကတော့ ရှင်းသည်။ အထဲကဒေတာတွေကို တစ်ယောက်ယောက် ဝင်ဟက်ပြီး တွေ့ကရာ ဒလိလုပ်သွားခြင်း ဖြစ်သည်။ (ချေးပုံခွေးဟပ်တာမဟုတ် Hack ကိုဆိုလိုသည်)။ ပြန်ဆယ်လို့ရတဲ့ ဒေတာအနည်းအကျဉ်းကလည်း အစီအစဉ်တကျ မဟုတ်။ ဟက်သွားသူက သူ့အိုင်ပီကို ခြေရာဖျောက်ပြီး ပရောက်စီဆာဗာကိုလည်း တစ်ဆင့်ခံသုံးထားသောကြောင့် ခြေရာကောက်ရန် မလွယ်ဘဲ ရှိလေသည်။

ရုတ်တရက် သီဟ တစ်စုံတစ်ခုကို သတိပြုမိလိုက်သည်။ ကျန်ရှိနေသေးသော ဖိုင်များကို ရက်စွဲအလိုက်စဉ်လိုက်သောအခါ နာမည်ထိပ်များသည် ထူးဆန်းသော စာကြောင်းတစ်ခုကို ဖော်ကျူးနေသည်။

ယင်းကို ဝင်းအင်းဝဖောင့်ဖြင့် ပြန်ရိုက်သောအခါ ဤသို့ရသည်။

‘ဟေ့ရောင် အက်မင်ကြီး ငါအိပ်နေတုန်း ငါ့လုံချည်ကိုဖဲပေါင်ရိုက်ပစ်တာ မှတ်မိသေးလား။ အဲဒီညက ငါ့ကိုခွေးလိုက်ဆွဲလို့ သတင်းစာပတ်ပြီး ထွက်ပြေးခဲ့ရသေးတယ်။ အခု ငါ ပုလင်းနက်ကိုဟက်ပြီး ကလဲ့စားချေလိုက်တာပဲ။
ပုံ

လေရူး’

အဖြေကရှင်းသွားပေပြီ။ အက်မင်က သီဟကိုတစ်လှည့် ကိုမဟာ့ကိုတစ်လှည့် ကြည့်ကာ သွားဖြဲပြလေသည်။ ကိုမဟာက မျက်လုံးကြီးများပြူးကာ အက်မင်ကို တစ်စုံတစ်ခုပြောရန် ကြိုးစားနေသော်လည်း အသံကမထွက်။ အက်မင်က ကိုမဟာ့အကြည့်တွင် ခြောက်ခြားသွားပြီး ဆတ်ကနဲ ထရပ်လိုက်သည်။

‘ဟဲဟဲ… အလုပ်လေးရှိလို့ ပြန်လိုက်အုံးမယ်။ ပုလင်းနက်ကြီးကို အစကပြန်တင်ရအုံးမယ်လေ။ ဟေ့ရောင် လာစမ်း။’

အက်မင်က ကာတွန်းဖတ်နေသော ဘေဘီပြောင်ကို ကုတ်ကဆွဲ၍ သုတ်သုတ်သုတ်သုတ်ဖြင့် ထွက်သွားသည်။ သီဟပြန်သွားသည်အထိ ကိုမဟာမှာ မေးရိုးကြီးထောင်လျက် မလှုပ်မယှက်။

နောက်ဆက်တွဲသတင်း။

ချောက်တီးချောက်ချက်မန်ဘာအဖြစ်သို့ နေ့ချင်းညချင်း ရာထူးကျသွားသော လူသန်ကြီး ကိုမဟာနှင့် တီဇက်လင်း၊ ကိုဖိုးယူ၊ ကိုကယ်လ်မွန် အစရှိသော ပလက်တီနမ်မန်ဘာများသည် ဘက်ကပ်မလုပ်သော အက်မင်ကြီးနှင့် ဟက်သွားသော လေရူးကို တွေ့ရာသင်္ချိုင်း တုတ်မဆိုင်းဘဲ ချောင်းရိုက်ရန် ကြံစည်နေကြသည်ဟု ခိုင်လုံသော အတင်းအဖျင်းရပ်ကွက်မှ ကြားသိရပါကြောင်း။

Tags: , ,

· · · ◊ ◊ ◊ · · ·

Leave a Reply

*