Saturday 21st October 2006

by Lionslayer
(ဤဝတ္ထုထဲတွင် ပါဝင်သော အဖြစ်အပျက်များသည် မည်သူ့ကိုမှ ရည်ရွယ်ရေးသားထားခြင်း မဟုတ်ပါ။ တိုက်ဆိုင်မှုရှိပါက တမင်ရည်ရွယ်ထားခြင်းဖြစ်ကြောင်း။ အဲအဲ မတော်တဆ တိုက်ဆိုင်မှုသာဖြစ်ကြောင်း အသိပေးအပ်ပါသည်။)

—————————————————

‘ဒေါက်..ဒေါက်..ဒေါက်..ဒေါက်..’

အိမ်ဝမှတံခါးခေါက်သံကြားသဖြင့် အိပ်ရာမှ လူးလဲထပြီး စောင်တစ်ထည်ကောက်ပတ်လိုက်သည်။ ဒီလောက်စောစောစီးစီး ဘယ်သူများပါလိမ့်။ အခုမှမနက် ၁၀ နာရီရှိသေး။ တံခါးဖွင့်လိုက်သည်နှင့် တံခါးဝတွင် သွားသုံးဆယ့်နှစ်ချောင်းလုံး ပေါ်အောင်ဖြဲထားသော အစ်ကိုကြီးတစ်ယောက်ကိုတွေ့လိုက်ရသည်။

‘ဟဲဟဲ… ဘဲလ်ကိုနှိပ်နေတာကြာပြီ… အသံမမြည်ဘူးထင်တယ်…’

‘ဟုတ်တယ်… ဓာတ်ခဲမလဲနိုင်တာကြာပြီ…’

‘ဒီမလာခင် ဖုန်းဆက်ကြည့်သေးတယ်… မရဘူး…’

‘ဖုန်းဘီလ်မဆောင်နိုင်လို့ ဖုန်းဖြတ်ထားတာ သုံးလ ရှိပြီ…’

‘တစ်အိမ်လုံးလည်းမှောင်မည်းနေတာပဲနော်…’

‘ဒါကတော့မီးပြတ်နေလို့ပါ… နေပါအုံး… အစ်ကိုကြီးက ဘယ်သူလဲ… ဘာကိစ္စလဲ…’

‘အစ်ကိုက ပုလင်းနက်က ချောင်းချောင်းပါ…’

‘သြော်… ကိုချောင်းချောင်းလား… ဘာချောင်းမလို့လဲ…’

‘အကွက်ကောင်းလေးများ တွေ့မလားလို့… အဲလေ… အင်တာနက်မှုခင်းဆိုင်ရာ အလွတ်စုံထောက် ကိုသီဟကို လာရှာတာပါ…’

‘ဟုတ်ကဲ့… ကျွန်တော်ပါပဲ…’

ယခုအခါ ပန်းကန်နက်၊ ပုလင်းနက် အစရှိသော နိုင်ငံတကာအင်တာနက် ဆာဗာကြီးများသည် လုံခြုံစိတ်ချရသော ဝန်ဆောင်မှုများပေးနေပြီ ဖြစ်သဖြင့် သီဟတစ်ယောက် အလုပ်လက်မဲ့ ဖြစ်နေသည်မှာ အတော်ကြာသွားပြီဖြစ်သည်။ ထို့ကြောင့် ယခုနှစ်အတွင်း ပထမဦးဆုံးပေါ်လာသော အလုပ်ကို နွားငတ်ရေကျလက်ခံရန် ဆုံးဖြတ်လိုက်သည်။

—————————————————

စဉ့်ရည်သုတ်ထားသော ပန်ကန်ပြားတစ်ချပ်မှောက်လျက်ရှိသည့် သဏ္ဍာန် ဆောက်လုပ်ထားသော အဆောက်အအုံသည် ပန်းကန်နက်၏ အပြည်ပြည်ဆိုင်ရာ ဌာနချုပ် ဖြစ်သည်။ အစည်းအဝေးခန်းမသို့ သွယ်တန်းထားသည့် စင်္ကြန်လမ်း တစ်လျှောက်တွင် ကိုချောင်းချောင်းက စကားကို အလျင်မပြတ်ပြောလာသည်။

‘ပထမ ပန်းကန်နက်က ဆိုက်တချို့ အဘန်းခံရတယ်… သူတို့လဲ သူတို့လူတွေလုပ်တာ ထင်နေတာ… နောက်တော့ မဟုတ်ဘူး…တဖြည်ဖြည်းနဲ့ အဘန်းခံရတဲ့ဆိုက်တွေ များလာလိုက်တာ… ကျွန်တော်တို့ ပုလင်းနက်ထိ ရောက်လာတယ်… ဘယ်သူလုပ်နေမှန်းလဲမသိဘူး… အခုဆို ပုလင်းနက်က ဖိုရမ်တို့ တီးရှော့တို့တောင် ဝင်မရတော့ဘူး… ယူဇာတွေဆီက ကွန်ပလိန်းတွေလာတော့ ကျွန်တော်တို့လဲ နာမည်ပျက်မှာ စိုးတာနဲ့ ကျွန်တော်တို့ဘန်းတာပါလို့ ပြောထားရတယ်… ဖွင့်ပေးထားတဲ့ ဆိုက်တွေကို လာဘန်းနေတဲ့လူကို ဘယ်လိုမှ ခြေရာခံလို့ မရဘူး… ပြန်ဖွင့်လည်းခဏပဲ… ပြန်ပိတ်သွားရော… ကိုသီဟမကယ်ရင် သေဖွယ်သာရှိတော့တယ်…’

ပန်းကန်နက်၏ ဇလုံမေးလ်သည် လွန်စွာနာမည်ကြီးလှသော အလကားမေးလ် ဖြစ်သည်။ အဲအဲ အလကားရသောမေးလ်ဖြစ်သည်။ အသုံးပြုသူတိုင်းကို ၂၀ တီဘီ ပမာဏရှိသော အမောင့်များပေးထားသည်။ နို့ဆီခွက်တော့ခ် မှာမူ လူငယ်ထုကြား ရေပန်းစားလှသည်။ တစ်ကမ္ဘာလုံး ကြိုက်သည့်နေရာ အလကား ဖုန်းခေါ်၍ရသောဟူ၏။ ကွန်နက်ရှင်းစပိမှာကား ယုံချင်ယုံ။ မယုံချင်နေ။ ဒီဗီဒီတစ်ခွေစာ ဆွဲချလျှင် ငါးမိနစ်မျှသာ ကြာ၏။ ယခုမူကား ဘာဆိုဘာမျှ မရတော့ပြီ….။

—————————————————

အစည်းအဝေးခန်းမထဲတွင် ဝတ်စုံပြည့်ဝတ်ဆင်ထားသော ပန်းကန်နက်၊ ပုလင်းနက်နှင့် အခြားသောကုမ္ပဏီများမှ အကြီးအကဲများထိုင်လျက် သူ့ကိုစောင့်မျှော်နေကြသည်။ ပုလင်းနက်မှမော်ဒရေတာ အစ်မကြီးတစ်ယောက်က သူ့ကို ပြာပြာသလဲ ခုံချပေးသည်။ ကိုချောင်းချောင်းက ညီလေး အစ်ကို ဇက်ကြောဆွဲပေးမယ်လေ ဟုလုပ်နေသဖြင့် မနည်းတားထားရသည်။

‘အဟမ်း… အဟမ်း…’

သီဟက စကားပြောရန် လည်ချောင်းရှင်းလိုက်သည်။

‘အစ်ကို… ရော့… ချောင်းဆိုးပျောက်ဆေး…’

ဘေးနားက ဝက်ဘ်ဒီဇိုင်နာ ကောင်မလေးက ချောင်းဆိုးပျောက်ဆေးပုလင်း အတင်းလာထိုးပေးနေသဖြင့် ယူထားလိုက်ရသည်။

‘ကျွန်တော်လည်း သိသင့်သလောက် သိပြီးပါပြီ… ဘာမှစိတ်မပူပါနဲ့… အခု ကျွန်တော်စုံစမ်းထောက်လှမ်းမှု စဖို့အတွက် ဒီလပိုင်းအတွင်း ဆာဗာထဲကို ရောက်လာတဲ့ အိုင်ပီရက်ကော့တွေရယ်… အဘန်းခံရတဲ့ဆိုက်တွေရဲ့ လိပ်စာအပြည့်အစုံရယ်… ဆာဗာဒေတာ အင်ခရစ်ပ်ရှင်း စစ်စတမ် ရယ်… ပြီးတော့ ပန်းကန်ဆာဗာရဲ့ အက်ဒမင်အဆက်စ် လည်းလိုချင်ပါတယ်…’

ပန်းကန်နက်မှ လူကြီးတချို့ ခေါင်းချင်းဆိုင်သွားကြသည်။ ပရိုဂရမ်မာအုပ်စုက ကြိတ်ကြိတ်ကြိတ်ကြိတ်နှင့် ဘာတွေပြောနေကြသည်မသိ။ တော်လေးကြာမှ နှုတ်ခမ်းမွှေးစစနှင့် အော်ပရေတာအစ်ကိုကြီးတစ်ယောက် ထွက်လာပြီး…

‘စိတ်တော့မရှိပါနဲ့ ကိုသီဟ… ဒါပေမယ့် အိုင်ပီရက်ကော့နဲ့ လိပ်စာတွေကလွဲရင် ကျန်တဲ့ဟာတွေက လုံခြုံရေးပေါ်လစီအရ ပေးလို့မရဘူးဖြစ်နေတယ်… ဟီးဟီးဟီး…’

ဟု သွားကိုအစွမ်းကုန်ဖြီးလျက် ပြောလေသည်။ သူက မကျေမနပ် ဖြစ်သွားသော်လည်း သွားကိုပြန်ဖြီးပြလျက်…

‘ရပါဒယ်…ရပါဒယ်… ဟဲဟဲဟဲ…’

ဟု ပြန်ပြောလိုက်ရလေသည်။

—————————————————

အိုင်ပီလိပ်စာတွေနဲ့တော့ ဘာမှလုပ်လို့မရ။ သူတို့ဆာဗာအဆက်စ် မရဘဲနဲ့တော့ ဘယ်လိုမှ အလုပ်မဖြစ်။ ခေါင်းရှုပ်လာစဉ် လူတစ်ယောက်ကို သွားပြီး သတိရလိုက်သည်။

…လေရူး…

…ပရော်ဖက်ဆာ ဦးလေရူး…

သူက ပန်းကန်နက်စတင် တည်ထောင်ကတည်းက အိုးတိုက် ပန်းကန်ဆေး လုပ်လာသူဖြစ်သည်။ အဲအဲ ဦးစီးဦးဆောင် လုပ်လာသူဖြစ်သည်။ ယခု အငြိမ်းစားယူထားသည်မှာ မကြာသေး။ သူ့ဆီမှာ တစ်ခုခု မေးလို့ ရနိုင်ကောင်းသည်။

‘ဟယ်လို…ဦးလေရူး ရှိပါသလား…’

‘ရှိဘူးဂျ…အပြင်သွားတယ်…’

‘အခုပြောနေတာ ဘယ်သူလဲ…’

‘ကယ်လ်မွန်လေ…ဦးလေရူးရဲ့ တူ…’
‘ဟုတ်လား… ဦးလေရူး ဘယ်သွားလဲ…’

‘ဦးက အနော်တောက်ဖို့ ကယ်လီစမွန်တွားဝယ်နေတယ်…’

‘သြော်…ကယ်လမွန် သွားဝယ်နေတာလား… ဒါနဲ့ ကယ်လီစမွန်… ဦးလေရူးက ဘယ်တော့ ပြန်ရောက်မလဲ…’

‘အနော်က ကယ်လီစမွန် မှုတ်ဘူးဂျ… ကယ်လမွန်… ကယ်လမွန်… ဟင်း မှတ်ထား…’ ဂွပ်’

တစ်ဖက်မှ ဖုန်းချသွားသည်။ မတတ်နိုင်…။ ကိုယ်တိုင်သွားမေးရမည်။

—————————————————

ဦးလေရူးအိမ်ရောက်တော့ သူက မရှိ။ လမ်းထိပ်က လက်ဖက်ရည်ဆိုင် ထွက်သွားသည်ဟု ဆိုသည်။ လက်ဖက်ရည်ဆိုင်ကို လိုက်သွားတော့ ဟိုဘက်လမ်းက ဂိမ်းဆိုင်မှာ ကောင်တာသွားပစ်တယ်တဲ့။ ဟင် ကလေးကလား။ ဂိမ်းဆိုင်ရောက်တော့ အုပ်စုကောင်းလို့ ဘောလုံးသွားကန်ကြပြီ ဆိုပဲ။ ဘောလုံးကွင်းလိုက်သွားတော့ မောလို့ လက်ဖက်ရည် သွားသောက်တယ်တယ်တဲ့။ ကောင်းရော။ လက်ဖက်ရည်ဆိုင် ပြန်ရောက်တော့ စားပွဲထိုးကောင်လေးက ဆီးပြောသည်။

‘ဆရာလဲ ထွက်သွားရော ဦးလေရူးပြန်ရောက်လာတာပဲ… အဟီး…’

‘သူကော…’

‘ခုလေးတင် အိမ်ပြန်သွားပြီ…’

ဦးလေရူးအိမ်ကို လိုက်ရပြန်သည်။ ကားဂိတ်နား အရောက်တွင် ဘတ်စ်ကားပေါ်တက်ရန် ဟန်ပြင်နေသော ဦးလေရူးကို အမှတ်မထင် တွေ့လိုက်မိသဖြင့် မနည်းဖမ်းဆွဲထားလိုက်ရသည်။ လာရင်းကိစ္စပြောတော့ မျက်နှာတစ်မျိုးဖြစ်သွားသည်။ သိပ်လိုလားပုံမရ။

‘ဘယ်လိုသိမှာလဲကွ… ဖိုင်ယားဝေါကို ကျော်နိုင်တယ်ပဲထား… ပတ်စဝတ်က တစ်ရက်တစ်ကြိမ်ပြောင်းနေတာ…’

‘ဦးမှာဝင်လို့ရတဲ့နည်းတွေရှိမှာပါ…’

ဦးလေရူးက မျက်နှာကိုတင်းပြီး ဟိုဘက်လှည့်သွားသည်။ ရတယ်လေ…။ အကြမ်းနည်း သုံးရတော့မှာပေါ့…။

‘ဒါဆိုလည်း ပြီးရော… နောက်မှ ဖိုရမ်မှာ ဦးနာမည်တပ်ပြီး ပေါက်ကရ ရေးထားတဲ့ တော့ပစ်တက်လာရင် အဆိုးမဆိုနဲ့နော်…’

ဒီတော့မှ အဘိုးကြီးက မျက်လုံးအပြူးသားနဲ့ ဒီဘက်ပြန်လှည့်လာတော့သည်။ ပြီးတောမှ့ လေသံတိုးတိုးနှင့်…

‘အက်ဒမင် အဆက်စ်ရဖို့ ယူဇာနိမ်းတောင်းရင် ယူဇာနိမ်းလို့ ရိုက်ထည့်… ပတ်စဝတ်တောင်းရင် ပတ်စဝတ် လို့ရိုက်ထည့်…’

ဟု ပြောလေသည်။ အဲ… ဒီလိုကျတော့လည်း အလွယ်သား…။ (၎င်းပတ်စဝတ်ဖြင့် ဟက်ကာများနှောင့်ယှက်ပါက ကျွန်ုပ်၏ ပရောဂ လုံးဝ မပါပါကြောင်း။)

—————————————————

ညသန်းခေါင်ရောက်ပြီဖြစ်သဖြင့် သကြားမုန့်ဖက်ထုပ်သည်၏အသံကို ကြားရချေပြီ။ သီဟကား ကွန်ပျူတာမှ မထနိုင်သေး။ (မီးလာတုန်း နာနာသုံးထားမှ တော်ကာကျမှာ)။ ပန်းကန်နက်၏ စစ်စတမ်ကိုးတွင် လွန်စွာမှထူးဆန်းသော ဒေတာချန်နယ်တစ်ခုကို တွေ့နေရသည်။ ၎င်းဒေတာချန်နယ်ကပင် တစ်ပတ်ပြီးတစ်ပတ် ပြန်ကျော့နေရင်း ဆာဗာအတွင်းရှိ ဖိုင်းယားဝေါကို ထိန်းချုပ်ထားသည်။ ၎င်းင်း၏ ပထမဦးဆုံး ဆစ်ဂနယ်မှာ အောက်ပါအတိုင်းဖြစ်သည်။

000000000000000000000000000000000000000000000000000000
000000000000000000000000000000000000111111111110000000
000000000000000000000000000000000000111111111110000000
000000000000000000000000000000000000111100000000000000
000000000000000000000000000000000000111100000000000000
011111111111100111100001111001111001111111111110011110
011111111111100111100001111001111001111111111110011110
011110000000000111100001111001111001111000000000000000
011110000000000111100001111001111001111000000000000000
011110000000000111100001111001111001111000000000000000
011111111111100111111111111001111001111111111110011110
011111111111100111111111111001111001111111111110011110
000000000000000000000001111001111000000000000000000000
000000000000000000000001111001111000000000000000000000
000000000000000000000001111001111000000000000000000000
000000000000000000000001111111111000000000000000000000
000000000000000000000001111111111000000000000000000000
000000000000000000000000000000000000000000000000000000

ငပျင်းဆိုပါကလား။ ဘာအဓိပ္ပါယ်ပါလိမ့်။ ဒါ အင်တာနက်ကို လိုက်ဘမ်းနေတဲ့လူရဲ့ ကိုယ်ပိုင် လိုဂိုပဲဖြစ်ရမယ်။ ဂူဂဲမှာ ငပျင်းလို့ရိုက်ထည့်ပြီး ရှာလိုက်တော့ ငပျင်းဒေါ့ကွမ် ဆိုတာကြီးက ထိပ်ဆုံးက တက်လာသည်။ ဟော တွေ့ပါပြီ။ ပိစိညှောက်တောက် ဝက်ဘ်ဆိုက်လေး။ အတော်တော့စုံသည်။ ဝက်ဘ်မေးလ်လည်း ရသည်။ ချက်လို့လည်းရသည်။ စကားပြောလို့လည်းရသည်။ ငွေပေးရတာတစ်ခုပဲ ရှိသည်။ ဟိုငပျင်းနဲ့ ဒီငပျင်း ငပျင်းချင်းတော့တူနေသည်။

‘ဟားဟားဟား… တော်ပါပေတယ်… ကိုသီဟရယ်… ဒါပေမယ့် ကျုပ်က ခင်ဗျားထက် ပိုတော်တယ်ဗျ…’
အနောက်က ညောင်နာနာ အသံကြားရသဖြင့် လှည့်ကြည့်လိုက်ရာ နှုတ်ခမ်းမွှေးစစနဲ့ အော်ပရေတာကြီးဖြစ်နေသည်။ ဘာဖြစ်လို့ သူတော်ကြောင်း အသားလွတ်ကြီး လာကြွားနေတာပါလိမ့်။ လောင်းကုတ် အမည်းကြီးနဲ့ ကောင်ဘွိုင်ဦးထုပ် ခပ်ငိုက်ငိုက်ဆောင်းထားပုံတို့ကို ခြုံကြည့်လိုက်လျှင် ငပေါကြီးနဲ့တူနေသည်။ သူ့ကိုလည်း ဝက်ခုတ်ဓား တစ်လက်ဖြင့် ရွယ်ထားသည်။

‘ဟင် ဒီအချိန်ကြီး ဘာလာလုပ်တာလဲ…’

‘ပန်းကန်ဆာဗာထဲကို ကျုပ်လိုပဲ ခိုးဝင်နေပြီ ဆိုကတည်းက ခင်ဗျားမှန်းသိလို့ ထွက်လာခဲ့တာ… ကြက်ကန်းဆန်အိုးတိုးပြီး ကျုပ်နာမည်ဝှက်ကို ရအောင် ဖော်နိုင်သွားတာကိုး… စိတ်မကောင်းပါဘူး ကိုသီဟရယ်… ခင်ဗျားကို လက်စတုံးပစ်ရတော့မယ်…’

‘လက်စသတ်တော့ ခင်ဗျားက အားလုံးရဲ့ နောက်ကွယ်ကကိုး… ဒါနဲ့ အားအားယားယား ဘာလို့ လိုက်ဘန်းနေရတာလဲ…’

‘အားလုံးကို ဘန်းထားမှ လူတွေက ကျုပ်ရဲ့ဆိုက်ကို ငွေပေးကြည့်ကြမှာပေါ့… ဒီတော့မှ ကျုပ် သူဌေးဖြစ်မှာ…’

‘သြော်… ကောင်းလိုက်တဲ့ သူဌေးဖြစ် ခွေးဖြစ် အကြံ… ဒါနဲ့ စကားမစပ် ဗီလိန်တွေ ဇာတ်သိမ်းခန်းမှာ ဘာဖြစ်လို့ အမြဲခံရတာလဲ… သိလား…’

‘ဟင့်အင်း သိဘူး…’

‘လေကြောရှည်လို့ဗျ… ခင်ဗျားနောက်ကို လှည့်ကြည့်လိုက်အုံး…’

သူ့နောက်တွင်ရောက်နေသည်ကတော့…

…ဆားပုလင်းစီအမ်…

ဆားပုလင်းစီအမ်က မှိုတက်နေသော ဆေးပေါ့လိပ် အကျိုးကို အားရပါးရဖွာရင်း…

‘ဒီလူ ညကြီးအချိန်မတော် ကုပ်ချောင်းချောင်း လုပ်နေတာတွေ့လို့ လိုက်လာတာဗျ… ကဲ ဉာဏ်များမယ် မကြံနဲ့… လာ လိုက်ခဲ့… အဟွတ်… အဟွတ်…’

ဒီလိုနဲ့ အင်တာနက် လူဆိုးကြီး ငပျင်းတစ်ယောက် ငိုမဲ့မဲ့နှင့် စီအမ်နောက် ပါသွားသည်။ (လွယ်လိုက်တာနော်။ ဖိုက်တင်ခန်းလေးတောင် မပါလိုက်ရဘူး။)

ကဲ အဲသလိုဘန်းရင် အဲသလို ခံရမယ်နော…။ (ဟဲဟဲ စိတ်မဆိုးကြေးနော် ဝတ္ထုပါလို့ ပြောပြီးသား။)

Tags: , ,

· · · ◊ ◊ ◊ · · ·

One Response to “အင်တာနက်ကြီး ဘယ်သူဘန်း”

  1. စိုင်းဟန်စစ်နွမ် says:

    ပုလင်းနက်ရယ် ပန်းကန်နက် ရယ် ကြိုက်သွားပြီ
    ပြီးတော့ ငပျင်းဆိုတာလေး

· · · ◊ ◊ ◊ · · ·

Leave a Reply

*