Wednesday 26th January 2011

by Lionslayer

ဥုံ သျှရီ သျှရီ ယခုကား မြန်မာသက္ကရာဇ် ၁၃၇၂ မှ ၁၃၇၃ သို့ အကူးတည်း။ ဘလော့မြန်မာ အမည်ရှိရှိသော ဗြဟ္မာကြီးဦးခေါင်းကို ယူနီအမည်ရှိ နတ်သမီးမှ လက်ကမ်းယူသတည်း။ ယင်းကြောင့် နှစ်စတွင် မြန်မာဘလော့လောကကြီး ပူညံပူညံ ဖြစ်လတ္တံ့။ ပြောင်းသူတို့ကလည်း ပြောင်းပြီပြောင်းပြီဟု ဝမ်းသာအားရပြောကြလတ္တံ့။ မပြောင်းသူတို့ကလည်း သေတောင်မပြောင်းဘူးဟု ခံငြင်းကြလတ္တံ့။ အများစုသောသူတို့ကား နားစွန်နားဖျားနှင့် ယူနီကို အသေရိုက်သတ်ချင်အောင် ချစ်ခင်ကြလတ္တံ့။ အကုန်ပြောင်းရင် ပြောင်းမယ်ဟု ဆိုသူတို့ကလည်း ဆိုကြလတ္တံ့။ အချို့ကလည်း စကားရောဖောရောဖြင့် ယိုးဒယားတွင် သွားပြောင်းခဲ့သည်ကို စကားမရှိ စကားရှာ ပြောကြလတ္တံ့။

မုခမျက်နှာရပ်ဝန်း(ဖဗ)တွင်မူ ယူနီသုံးသူအပေါင်းတို့ တောက်ညင့်ကပ် ခံရလတ္တံ့။ အားနာသူတို့ကား ပြန်ပြောင်းကြလတ္တံ့။ အချို့ကား ဧကန်အလုပ်ရှုပ်ခံ၍ နှစ်မျိုးလုံးနှင့် ရေးကြလတ္တံ့။ ပေါ်ပျူလာမဖြစ်သူတို့ကား ဂရုစိုက်စရာမရှိပြီ ဖြစ်ရကား ယူနီကို တွင်တွင် သုံးသည်ချည်းသာ ဖြစ်လတ္တံ့။ ဤသို့ အကြောင်းမူ အခြေပြုရကား ကွန်ဗာတာဆော့ဝဲတို့ ဟစ်ပွိုင့်တက်လတ္တံ့။

ယူနီသမားတို့ ပြောင်းခါစတွင် ဂြိုဟ်သားစာများကို လာကြည့်သူတို့ကြောင့် ဟစ်ပွိုင့်တက်ရကား ဝမ်းမြောက်ကြလတ္တံ့။ ဖတ်မရ မမြင်ရပြောသူများကြောင့် လိုက်ရှင်းနေရသည်များသောကြောင့် နောက်ပိုင်းတွင် စိတ်တွင်တွင်ကြီး ရှုပ်ရလတ္တံ့။ နဂိုစိတ်ရှည်သူများ ဒေါသထွက်၍ စိတ်တိုတတ်သူများ သည်းခံလာတတ်လတ္တံ့။

ယားသူတို့သာကုတ်သည်ဟူ၍ ဒဒွေးသုံးခိုင်းသူတို့လည်း ရှိလတ္တံ့။ ယူနီကို တစ်ချက်ထိလျှင် တစ်ချက်ပြန်ပက်၊ တစ်ခွန်းပြောလျှင် တစ်ခွန်းပြန်တုံ့သူတို့ ရှိထသည် ဖြစ်မူ၍ ဟမ်မူရာဘီ ကိုဓဥပဒေ(Code of Hammurabi) အလား ယူနီကိုဓ (Unicode) ဟု အမည်နာမသည်လည်း တွင်လတ္တံ့။

ဤသို့ယူနီ ကို လူမညီသည့် အပူသည်ဟု ရှုံ့ချသည်လည်း ရှိလတ္တံ့။ ယူနီပါလျှင် ပွဲဆူသောကြောင့် အကြောင်းမရှိအကြောင်းရှာ ယူနီပါအောင် ပြောကြလတ္တံ့။ ယူနီခေတ်စားသောကြောင့် ယူနီဆီးယို၊ ယူနီခုံဖိနပ်ဘရန်းများ ပေါ်လာပြီး အရောင်းသွက်လတ္တံ့။ ဖွ၍ပွသည် ဖြစ်သောကြောင့် မဆီမဆိုင် ယူနီဒေါသသင့်၍ ကြားညပ်ကြသည်များလည်း ရှိလတ္တံ့။ ကြီးကြီးငယ်ငယ် ပုပုရွရွ ဘုစုခရု ကိုကိုမမ ဦးကြီးဒေါ်လေး ဘိုးဘိုးဘွားဘွားနှင့် သားသည်အမေတို့မကျန် ယူနီအလှုပ်တွင် နားမလည် ပါးမလည် စုံးစုံးမြုပ်ကြ လတ္တံ့။ (ဤကား ကိုယ့်ထမင်းကိုယ်စား ကြီးတော်နွား ကလိသွားထိုးသော ယူနီသမားတို့ အပြစ်ချည်းပေတည်း – စကားချပ်)။ အချုပ်ဆိုရသော် ကောဇာ ၁၃၇၃ သည်ကား နှစ်ရှည်လများ ပေအဖြစ်ပု၍ အန်ဒါဒေါ့ ဖြစ်ခဲ့သော ယူနီကုဒ် စင်ပေါ်ရောက်မည်ဟု အတပ်ဟောလိုက်ရပေသတည်း။ ဥုံ ပလီစိချောက်ချက် အသက်သေတစ်မနက် သွားဟ။

##(ပေါပါ့.. ရုံးဆင်းခါနီး အားနေ၍ လျှောက်ရေးထားသည်။)

Tags: ,

· · · ◊ ◊ ◊ · · ·

Leave a Reply

*