Monday 26th November 2007

by Lionslayer

ကဲ ခင်ဗျားတို့ပဲ စဉ်းစားကြည့်။ အဲ… စဉ်းစားကြည့်ဆိုလို့ အနားမှာတွေ့တဲ့ဟာကို ဓားနဲ့စဉ်းပြီး ကောက်စားမနေနဲ့အုံး။ ကျုပ်ပြောတာ ဂလိုပါ။

ဒီခေတ်ကြီးမှာ ငွေရှာရတာ ဘယ်လောက်ခက်တယ်ဆိုတာ ခင်ဗျားတို့အသိ။ နဖူးကချွေး ခြေမကျအောင် ရုန်းကန်နိုင်မှ ထမင်းနပ်မှန်အောင် စားရတာ မဟုတ်လား။ ကျုပ်ဆိုလည်း အဖေ့အိတ်ထဲက သွားနှိုက်နေတုန်း မိသွားလို့ မုန့်ဖိုးတစ်လ ဖြတ်ခံရတယ်လေ။ ဒီလိုဒီလို ခဲခဲယဉ်းယဉ်း ရှာထားရတဲ့ အဖိုးတန်ငွေတွေကို ဘာကိစ္စ ဘလော့ရေးရင်း အချိန်ဖြုန်းမတုန်း။ ဟုတ်တယ်မဟုတ်လား။

ဘလော့ရေးရတာ ခံစားမှုတွေကို ဖွင့်ချပစ်လို့ရလို့ ကြိုက်ကြပါသတဲ့။ လွတ်လပ်မှုရဲ့ အရသာကို ခံစားရပါသတဲ့။ ကဲ ဂလောက်တောင် လွတ်လပ်ချင်ရင်လည်း သုံးရာတန် မှတ်စုတစ်အုပ်ဝယ်ပြီး ရေးပေတော့ အသားကုန်။ ရော် ဒီလိုလည်း မဟုတ်ပြန်သေးပေဘူးတဲ့လား။ ကိုယ့်အပေါင်းအသင်းရောင်းရင်းတွေကို ခံစားချက်တွေ ဝေမျှပေးနိုင်လို့ ဆိုပဲ။ ကဲကဲ ဂလောက်တောင် ဝေမျှပေးချင်ရင်လည်း ရှစ်မိုင်တို့ လှည်းတန်းတို့သွားပြီး ဓာတ်တိုင်မှာ A3 နဲ့ကော်ပီကူးပြီး သွားကပ်ထားလိုက်။

မီးက မလာရတဲ့ကြားထဲ ရထဲ့အချိန်လေးမှာ ဘလော့က ရေးရအုံးမယ်။ ကဲ တခြား ဘာသွားလုပ်အုံးမလဲ။ ဘလော့ရေးဖို့ဆိုရင် ဘိုလိုရေးရင်လည်း ကောင်းကောင်းကန်းကန်း ရေးတတ်အုံးမှ။ ဗမာလိုဆိုလည်း စာလုံးပေါင်းတို့ သဒ္ဒါတို့မှားရင် အပြောအဆိုခံရအုံးမယ်။ မြန်မာစာကလည်း ရိုက်ရတာ ခက်လိုက်တာ လွန်ပါရော။ ခါတိုင်းရိုက်နေကျ ဘားဂလစ်ရှ်လေးပဲ ကောင်းပါတယ် နော့။

ဟော ဘလော့တစ်ခုတင်ပါပြီတဲ့။ ဗမာလို မမြင်ရတာနဲ့ စာလုံးတွေမပေါ်တာနဲ့ ခေါင်းကို နောက်ကရောပဲ။ ဘလော့တွေဝင်ကြည့်လိုက်။ ဘာတွေမှန်းကိုမသိဘူး။ ဘေးမှာ ပရိုဖိုင်တွေရော ဟစ်ကောင်တာတွေရော၊ လင့်တွေရော ကွန်းမန့်တွေရော ဟစ်စထရီတွေရော ရှုပ်နေတာပဲ။ ဒီကြားထဲ ဖောက်တောက်ဖောက်တောက်နဲ့ လှုပ်နေတဲ့ ပုံတွေ ယူကျုက ဗီဒီအိုတွေ ဟိုပြေးဒီပြေးစာတန်းတွေရော ဘာတွေမှန်းကို မသိဘူး။ ရှည်လျား ထွေပြား ရှုပ်ရှပ်ခတ် နေတာပဲ။

ဒီကြားထဲ ဆီပုံးဆိုတာ တစ်ခုက ထည့်ကြသေးတယ်။ ကိုယ်ရေးတာ သူများမမြင်မှာစိုးလို့ ငါးကြောင်းလောက် ကော်ပီကူးထည့်ရတာနဲ့၊ ကိုယ့်လင့်ကလေးကို လိုက်ကြော်ငြာရတာနဲ့ မျက်စိစပါးမွှေးလည်း စူးပါ့။ ကဲကဲ ပြောစရာတွေတော့ တပုံကြီးရှိသေးတယ်။ နေအုံး။ ဟိုမှာ မတ်စိတက်လာလို့ ချက်တင်သွားကျူလိုက်အုံးမယ်။

ပုံ

ဘေးထိုင်ဘုပြော ဝေလေလေ

· · · ◊ ◊ ◊ · · ·

Leave a Reply

*