Friday 23rd November 2007

by Lionslayer

ဝိုးတဝါးအသံများကို နားထဲတွင် ကြားမိသလို ရှိသည်။ ပထမတွင် နစ်မျောလက်စ အိပ်မက်ထဲမှ အသံများနှင့် ရောထွေးသွားခဲ့သည်။ အသံများက တဖြည်းဖြည်း ကျယ်လောင်လာသည်။ စားပွဲတင်နာရီမှ ထွက်ပေါ်လာသော စက္ကန့်သံများဖြစ်သည်။ မျက်ခွံကို ဖြည်းညင်းစွာ အားယူပြီး ဖွင့်လိုက်သောအခါ မနက်က သောက်လက်စ ကော်ဖီခွက်ကို ဝိုးတဝါး မြင်ရလေသည်။ အခန်းတွင်းတွင် အမှောင်ထုက ကြီးစိုးနေသည်။

ကိုယ်နှင့်ဖိမိထားသော လက်တစ်ဘက်က ထုံကျင်နေသည်။ မျက်လုံးအစုံကို ပြန်မှိတ်လိုက်ရင်း တဘက်သို့ ပြန်စောင်းလိုက်သည်။ ပြတင်းတံခါးကိုလေတိုးသောကြောင့် တကျွီကျွီ မြည်နေသည်။ ပိုးကောင်တို့၏ စူးရှသော အော်မြည်သံကို တချက်တချက် ကြားရသည်။

ပတ်ဝန်းကျင်က နာရီသံမှအပ တိတ်ဆိတ်သွားပြန်သည်။ ခေါင်းထဲသို့ ဘာမှ မဆိုင်သော ရောက်တတ်ရာရာ အတွေးစများက ဟိုတစ်စ သည်တစ်စ ဝင်လာနေသည်။ မနေ့က ဖတ်ခဲ့သော စာအုပ်လည်းပါသည်။ မနက်ကတွေ့ခဲ့သော ကော်ဖီခွက်ထဲမှ ပုရွက်ဆိတ်လည်းပါသည်။ ငါးတန်းတုန်းက မုန့်လုစားခဲ့တာလည်းပါသည်။ ရင်ခုန်ခဲ့ဖူးတဲ့ မိန်းကလေးတွေ အကြောင်းလည်း ပါသည်။ ကျောင်းတုန်းက မေ့နေတဲ့ စာတွေလည်းပါသည်။ ကြားဖူးခဲ့တဲ့ သေနတ်သံတွေလည်းပါသည်။ စားဖူးခဲ့တဲ့ သနပ်သုပ်ကိုလည်း သတိရသည်။ ငယ်ငယ်တုန်းက နေ့တိုင်းသနပ်ခါးလိမ်းရတာလည်း မှတ်မိသေးသည်။

ရေချိုးခန်းထဲမှ ရေစက်ကျသံတစ်ချက် ထွက်ပေါ်လာသည်။ အသံက ပေါက်ကနဲ တစ်ချက်တည်းသာ ဖြစ်သည်။

ရေကန်အိုထဲအား

ဖားငယ်တစ်ကောင်ခုန်ဆင်းသွား

ပလုံမြည်သံကြား။

ဗသျှိုးရဲ့ ဟိုက္ကူကဗျာကိုလည်း ရုတ်တရက် သတိရသည်။ ဖားဖားဘာလို့အော်… မိုးရွာလို့အော်… မိုးမိုး ဘာလို့ရွာ… ဖားအော်လို့ရွာ ဆိုသည့် ငယ်ငယ်တုန်းက ရွတ်ဖူးတာတွေလည်း တွေးမိသည်။ လိပ်ပတ်မလည်သည့် နိုင်ငံရေး အခြေအနေတွေ အကြောင်းလည်း ခေါင်းထဲဝင်လာသည်။ နိုင်ငံရေးအကြောင်း ပြောချင်ရင် ဒီမလာနဲ့ ဆိုတဲ့စာတချို့ကိုလည်း မြင်ယောင်မိသည်။ ဗိုလ်ချုပ်ပြောတဲ့ လူဆိုတာ နိုင်ငံရေး သတ္တဝါပဲ ဆိုတဲ့ စကားကိုလည်း အမှတ်ရမိသည်။

ပတ်ဝန်းကျင်တစ်ခုလုံး ချမ်းစိမ့်စိမ့် ဖြစ်လာသည်။ ရုတ်တရက် လေအေးတို့ တိုးဝှေ့လာသည်။ လေထဲတွင် မိုးရေစက် အနည်းငယ်ပါလာသည်။ ပြတင်းတံခါးက ဂျိုင်းကနဲ ဆောင့်ပိတ်သွားသည်။ ပြတင်းတံခါးကို သွားပိတ်စရာမလိုတော့တွေးပြီး ပြုံးမိသည်။ အပြင်မှာ ပြုံးနေသော်လည်း နောက်ကွယ်တွင် ချောက်ချတတ်ကြသည့် ကိုယ်တိုင်တွေ့ဖူးသော ပုဂ္ဂိုလ်တချို့ကို သတိရသည်။ ဒါနဲ့ငယ်ငယ်တုန်းက သူငယ်ချင်းတချို့ ဘယ်တွေရောက်ကုန်ပြီလဲ မသိတော့။ ရှစ်တန်းတုန်းက ဆွဲထိုးခဲ့သော သူငယ်ချင်းကတော့ အခု မလေးရှားမှာဖြစ်သည်။ အလှပြင်ရတာ ဝါသနာပါတဲ့ သူငယ်ချင်းကတော့ ဂျပန်ရောက်နေပြီဖြစ်သည်။ GDP ဒေါ်လာတစ်ရာကျော်ရုံရသည့် မြန်မာလူမျိုးတစ်ယောက်၏ တစ်နှစ်ဝင်ငွေကိုလည်း တွေးမိသည်။ မြန်မာနိုင်ငံသားတစ်ဦးချင်းစီ၏ GDP ကို ဖြုတ်ချန်ရေးသားသော မြန်မာတိုင်းမ် အကြောင်းကလည်း အတွေးထဲ ဝင်လာသည်။ မြန်မာတိုင်းမ်တွင် သတင်းထောက်လုပ်နေသော သူငယ်ချင်းကိုလည်း သတိရသည်။ သူငယ်ချင်းရေ မင်းပြောခဲ့ဖူးတဲ့ ပြည်သူတွေအတွက် သတင်းထောက် ဖြစ်ပြီလား။

မိုးက ပြန်တိတ်သွားပြီဖြစ်သည်။ အာခေါင်တို့ ခြောက်ကပ်လာသည်။ မျက်လုံးကို အားယူပြီးဖွင့်လိုက်သည်။ ပြတင်းမှန်တွင် မိုးရေစက်တို့က စိန်ပွင့်များသဖွယ် တဖျတ်ဖျတ် လက်နေသည်။ ဒီလောက်များတဲ့ စိန်တွေရှိရင် ကောင်းမှာပဲ။ အင်း ရှိတဲ့လူတွေလည်း ရှိပါတယ်။ အတွေးစတို့ကို ရီဝေစွာ ဖြတ်တောက်ရင်း အားယူကာ ကုတင်ပေါ်မှ ထလျက် နာရီကို ကြည့်လိုက်သည်။ ည ဆယ်နာရီထိုးတော့မည် ဖြစ်သည်။ ခေါင်းထဲတွင် ထိုင်းမှိုင်းနေဆဲ ဖြစ်သည်။ မီးခလုပ်ကို ဖွင့်လိုက်လေသည်။

“ချောက်”

Tags: ,

· · · ◊ ◊ ◊ · · ·

Leave a Reply

*