Sunday 7th March 2021

by Lionslayer

အနောက်အကူအညီ

အရေးပါတဲ့ စစ်တပ်တပ်ရင်းများ၊ ယင်းတို့ရဲ့ ခေါင်းဆောင်များနဲ့ ရဲတပ်ဖွဲ့ ဘက်ပြောင်းလာဖို့ မလွယ်တာ ပေါ်လွင်လာတဲ့နောက် လူတွေဟာ အနောက်နိုင်ငံရဲ့ ဝင်ရောက်စွက်ဖက်မှုကို အားကိုးတကြီး ကြည့်လာတယ်။

၁။ R2P
နိုင်ငံရေးဖိအားသာဖြစ်။ လုံခြုံရေးကောင်စီ အမြဲတမ်းအဖွဲ့ဝင် တရုတ်နှင့် ရုရှ၏ Double Veto နှင့် ပျက်နေကျအတိုင်း ပျက်မည်။

၂။ ICC, Rome Statute
Rome Statute ကို အရင် လက်မှတ်ထိုးရမည်။ ICC ၏ ဆုံးဖြတ်ချက်ကျပြီးနောက် ယင်းကို အကောင်အထည်ဖော် ဆောင်ရွက်ပေးမည့် အဖွဲ့အစည်းများမှာ UN Peacekeeping နှင့် Rome Statute ကို လက်မှတ်ထိုးထားသည့် အခြားနိုင်ငံများ။ UN Peacekeepers များကို သုံးရန် လုံခြုံရေးကောင်စီ၏ ဆုံးဖြတ်ချက်ကို ယူရမည်။ (၁) ကို ပြန်ကြည့်။ US, UK ဝင်မည့်လမ်းကြောင်းအတွက် (က) ကို ပြန်ကြည့်။ ဘယ်နိုင်ငံမှမဝင်လျှင် တိုင်းရင်းသားတပ်များကို စည်းရုံးပြီး ဖက်ဒရယ်တပ်ပေါင်းစုဖွဲ့ကာ ICC နောက်ခံနှင့် တိုက်ပွဲဝင်လာနိုင်သည်။ (A) ကိုပြန်ကြည့်။

၃။ US intervention
US က UN ဘာညာ ဂရုမစိုက်။ သူဝင်ချင်ရင် အကြမ်းဖက်မှု တိုက်ဖျက်ရေး၊ အစုလိုက်အပြုံလိုက်သေစေနိုင်သည့် လက်နက်သိုလှောင်မှု စတဲ့ အချက်တွေနဲ့ ဝင်မှာ။ အဲတော့ ဝင်ပြီဆိုပါတော့။ (က) ကို ပြန်ကြည့်။

(က) US intervention vs China intervention
ယူအက်ဝင်ပြီ။ လေယာဉ်တင် သင်္ဘောနဲ့ ဗုန်းလာကြဲပြီးမှ စစ်တပ်နဲ့တက်လာနိုင်သလို၊ drone strike နဲ့ ထိပ်တန်းခေါင်းဆောင်တွေကို ပစ်မှတ်ထား တိုက်ခိုက်တာ လုပ်နိုင်တယ်။ ဒီလို Physical attack လုပ်တာနဲ့ သူ့ရဲ့ မဟာဗျူဟာနဲ့ အကျိုးစီးပွါးကို အထိခိုက် မခံလိုတဲ့အတွက် တရုတ်ဝင်ပါမယ်။
တရုတ်ရဲ့ OBOR ပလန်မှာ မြန်မာဟာ အရေးအကြီးဆုံးနေရာတစ်ခုမှာ ရှိနေတယ်။ ရေနက်ဆိပ်ကမ်း၊ OBOR လမ်းကြောင်း၊ သဘာဝဓာတ်ငွေ့၊ ရေအားလျှပ်စစ်၊ ကျောက်စိမ်း။ OBOR လမ်းကြောင်းက စပြီး (သဘာဝဓာတ်ငွေ့ ပိုက်လိုင်း မြေပုံကို ပြန်ကြည့်) မြန်မာပြည် မြောက်ပိုင်းကို ထိန်းချုပ်နိုင်ဖို့ ကြိုးစားလိမ့်မယ်။ US ကလည်း ဝင်ပြီဆိုတာနဲ့ အနောက်ဘက်က ဗျူဟာအကျဆုံး ကျောက်ဖြူ(ရေနက်ဆိပ်ကမ်း၊ တရုတ်အနောက်တောင် ပင်လယ်ထွက်ပေါက်၊ သဘာဝဓာတ်ငွေ့)ကို စထိန်းချုပ်ဖို့ ကြိုးပမ်းပါလိမ့်မယ်။ ကျောက်ဖြူကျသွားရင် တရုတ်ရဲ့ ဒုတိယ ခံတပ်က ရေနက်ဆိပ်ကမ်းထွက်ပေါက်ဖြစ်တဲ့ ရခိုင်မြောက်ပိုင်း စစ်တွေ၊ မြောက်ဦးပါ။ နေ့တိုင်း လေယာဉ်နဲ့ ဗုံးကြဲနေတာကို နေပြည်တော်က ကြာကြာခံနိုင်မှာ မဟုတ်တဲ့ အတွက် စစ်အုပ်စုဟာ မြောက်ပိုင်းကို တပ်ဆုတ်ပါမယ်။ မြန်မာပြည်ဟာ တောင်ပိုင်းနဲ့ မြောက်ပိုင်းကွဲသွားပါမယ်။ တရုတ်နောက်ခံမြောက်မြန်မာနဲ့ US နောက်ခံ တောင်မြန်မာရဲ့ အကျယ်အဝန်းဟာ ဘယ်သူ စစ်အင်အားကို မြန်မြန်ရွှေ့နိုင်သလဲဆိုတာ မူတည်ပါလိမ့်မယ်။ ဒီစစ်ဟာ ကြီးမားလွန်းတဲ့အတွက် အရှေ့တောင်အာရှရဲ့ Geopolitic ကို အကြီးအကျယ်ပြောင်းလဲပစ်လိမ့်မယ်။ အခန့်မသင့်ရင် တတိယကမ္ဘာစစ်နဲ့ New world order အထိ ဖြစ်သွားနိုင်တယ်။ ဒါကို စင်္ကာပူက ကြိုမြင်လို့ ငြိမ်းချမ်းစွာ ညှိနှိုင်းဖို့ တွင်တွင်ပြောနေတာဖြစ်တာ။ ဒေသတွင်း မငြိမ်းချမ်းမှုကို ယူဆောင်လာမှာ ဖြစ်တဲ့အတွက် US ရော တရုတ်ရော မြန်မာမှာ ထိပ်တိုက်တွေ့မှုကို အကြီးအကျယ်ရှောင်လိုတယ်။ အတိုပြောရရင် US ဝင်ဖို့ မဖြစ်နိုင်။

(ခ) ညှိနှိုင်းခြင်း
မအလဟာ ၆၅ နှစ်ပြည့် အငြိမ်းစားယူပြီးတာနဲ့ သမ္မတအဖြစ် မြန်မာပြည်ရဲ့ သမိုင်းမှာ နာမည်ကောင်းနဲ့ ကျန်လိုတယ်။ သူ့ရဲ့ သမ္မတဖြစ်လိုမှုနဲ့ ညွန့်ပေါင်း အစိုးရ အဆိုပြုချက်ကို ဒေါ်အောင်ဆန်းစုကြည်က လက်မခံပါ။ ဒီအတွန်းအတိုက်ဟာ အာဏာသိမ်းခြင်းထိ ဖြစ်ပေါ်လာစေတယ်။ အာဏာသိမ်းပြီး ဒီအချိန် ရန်ငါကွဲပြားနေတဲ့အချိန်မှာ ညှိနှိုင်းခြင်းဖြစ်ပေါ်လာဖို့ မလွယ်ပါ။ စထရိတ်တိုင်းမှာ ပါတဲ့ ဒေါက်တာဆာဆာရဲ့ အင်တာဗျူးမှာ CRPH၊ စစ်တပ် နဲ့ ဆန္ဒပြ ကိုယ်စားလှယ် သုံးပွင့်ဆိုင် ညှိနှိုင်းလိုတယ် ပြောထားတယ်။ ဒါပေမယ့် CRPH ရဲ့ ကြေညာချက်တွေမှာ ဒီကိစ္စနဲ့ ပတ်သက်ပြီး ဘာမှ မပြောထားတဲ့အတွက် နွားရှေ့ထွန်ကျူးပြီး စိတ်လောပြောလိုက်မိတာ ဖြစ်နိုင်တယ်။ အခုချိန်မှာ ညှိနှိုင်းဖို့ မလွယ်ပေမယ့် မအလ နိုင်ငံရေး စစ်ရေးအရ အရေးနိမ့်လာရင် ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးရေးနဲ့ ညှိနှိုင်းရေးကို လက်နက်အဖြစ် ထုတ်သုံးလာလိမ့်မယ် ။ ညှိနှိုင်းလောက်တဲ့အချက်တွေက မအလသမ္မတဖြစ်ရန်၊ PR system ကျင့်သုံးပြီး တိုင်းရင်းသားတွေကို မဲပိုပေးရန်နဲ့ တစ်စိတ်တစ်ပိုင်း ဖက်ဒရယ်ပေးရန်။ အတိုပြောရရင် လက်ရှိအခြေအနေမှာ ညှိနှိုင်းဖို့ မဖြစ်နိုင်။

(ဂ) ခံတိုက်ခြင်း
ချီက ကျူးဘားမှာ မြို့ပြတောတောင် ပျောက်ကျားစနစ်နဲ့ အောင်မြင်ခဲ့ပေမယ့် ဘိုလီဗီးယားရဲ့ တောတောင်ပျောက်ကျားမှာ ကျဆုံးခဲ့တယ်။ ခုခံတိုက်ဖို့အဖြေဟာ တောတောင်ပျောက်ကျားစနစ်ထက် IRA လို မြို့ပြပျောက်ကျားစနစ် ဖြစ်လာဖို့ ပိုများတယ်။ ရန်ကုန် မန္တလေးဟာ စစ်တလင်း ဖြစ်လာမယ်။

၈၈ ဥပမာ
လူတွေက ဒီဘက်ခေတ်မှာ ၈၈ တော်လှန်ရေးကို ပုံဖျက်ပြီး အကြမ်းဖက်လို့ ကျဆုံးခဲ့သယောင် ပုံဖော်နေတယ်။ ၈၈ ရဲ့ ရှေ့ပိုင်းမှာ Highlight လုပ်ကြတဲ့ ခေါင်းဖြတ်ခြင်း၊ လူသတ်ခြင်းတွေဟာ လက် ၁၀ ချောင်းတောင်မပြည့်တဲ့ isolated incidents တွေပါ။ တကယ့်လက်တွေ့မှာ ၁၉၈၈ စက်တင်ဘာ ၁၇ ရက်နေ့အထိ လူထုတိုက်ပွဲဟာ အောင်မြင်နေပြီး စိတ်ဓာတ်အားဖြင့်လည်း အမြင့်ဆုံးအခြေအနေတွေပါ။ ရပ်ကျေးအဖွဲ့တွေ ကိုယ်တိုင်ဖွဲ့ထားကြပြီး ကျောင်းသားတွေ ရွေးချယ်ပေးထားတဲ့ ဦးနု ဦးအောင်ကြီး ဦးတင်ဦး ဗိုလ်ရန်နိုင်နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ ပေါင်းပြီး ပြည်သူ့အစိုးရဖွဲ့တာ ကြေညာဖို့ စောင့်ဆိုင်းနေကြပါတယ်။ အောင်ပွဲဟာ လက်တစ်ကမ်းဆိုတဲ့ အနေအထားပါ။ စက်တင်ဘာ ၁၈ စစ်တပ် အာဏာသိမ်း။ ၁၉၊ ၂၀၊ ၂၁ အာဏာသိမ်းတာကို ဆန္ဒပြလူထုကြီးကို ပြင်းပြင်းထန်ထန် ဖြိုခွင်းလို့ လူဦးရေ သောင်းဂဏန်းအထက် ကျဆုံးတယ်။ ၂၂ မှာ ဒေါ်အောင်ဆန်းစုကြည်က နိုင်ငံတကာကို အကူအညီတောင်းတယ်။ စက်တင်ဘာလကုန်မှာ လမ်းပေါ်ထွက်တဲ့လူ လုံးဝမရှိတော့။ နိုင်ငံတကာအကူအညီကို မျှော်လင့်မှုနဲ့ စစ်တပ်ရဲ့ ရွေးကောက်ပွဲကတိအောက်မှာ လူတွေဟာ ငြိမ်ကုပ်သွားတယ်။
၁၉၉၀ ရွေးကောက်ပွဲ၊ ကတိဖျက်၊ ၉၄ ညောင်နှစ်ပင်၊ ၉၈ CRPP၊ ၂၀၀၃ ဒီပဲယင်း၊ ၂၀၀၇ ရွှေဝါရောင်အရေးအခင်းနဲ့ ၂၀၀၈ အတည်ပြုဖွဲ့စည်းပုံတို့ဟာ အတိုက်အခံတပ်ပေါင်းစုတွေ တစ်ခဲနက်ထောက်ခံကြတဲ့ ရွှေဂုံတိုင်ကြေညာချက်ကို ဖြစ်ပေါ်လာစေတယ်။ ၂၀၁၂ မှာ ၂၀၀၈ ဖွဲ့စည်းပုံအောက်ဝင်မယ့် NLD ရဲ့ ဆုံးဖြတ်ချက်နဲ့အတူ ရွှေဂုံတိုင်ကြေညာချက်ဟာ ပျက်သုဉ်းသွားပြီး အရင်ခံယူချက်တွေကို ဆက်လက်စွဲကိုင်ထားတဲ့ ဗကသနဲ့ တစ်သီးပုဂ္ဂလအနည်းငယ်ဟာ အသစ်ပြောင်းလဲသွားတဲ့ နိုင်ငံရေးမှာ လူထုထောက်ခံမှု မရတော့တဲ့ သဘောထားတင်းမာသူတွေဖြစ်ပြီး ကျန်ခဲ့တယ်။

CRPH
နိုင်ငံရေးအားဖြင့် ဘယ်လိုပင် သဘောထား ကွဲပြားမှုတွေ ရှိစေကာမူ လူထုရဲ့ ထောက်ခံမှုအကြီးအကျယ်ရရှိခဲ့တဲ့ NLD ပါတီ အမတ်တွေနဲ့ ဖွဲ့စည်းထားတဲ့ CRPH ဟာ အခုချိန်မှာ နိုင်ငံတကာအသိအမှတ်ပြုမှု legitimacy ကို အမြင့်ဆုံးရရှိထားတဲ့ စစ်အုပ်စုကို အံတုနိုင်တဲ့ အမြင့်ဆုံးသော အဖွဲ့အစည်းဖြစ်တယ်။ R2P နဲ့ ICC လမ်းကြောင်းတွေကို တရားဝင်ဖော််ဆောင်နိုင်တဲ့ အဖွဲ့အစည်းဖြစ်တယ်။ ဒါပေမယ့် ပြတ်သားဖို့နဲ့ မြန်ဆန်ဖို့ လိုအပ်နေတဲ့ လုပ်ဆောင်ချက်တွေကြောင့် တိုင်းရင်းသားတွေနဲ့ လမ်းပေါ်ထွက်နေတဲ့ အဖွဲ့အစည်းတွေက စောင့်ကြည့်နေသေးတဲ့ အနေအထားဖြစ်တယ်။ ဒီလူတွေ CRPH နဲ့ ပွင့်ပွင့်လင်းလင်း ပူးပေါင်းနိုင်ဖို့ လတ်တလောမှာ လိုလားနေတာက CRPH ဟာ အဖမ်းမခံရသေးတဲ့လူတွေနဲ့ အစိုးရသစ် ဖွဲ့စည်းကြောင်း ကြေညာဖို့၊ ၂၀၀၈ ဖွဲ့စည်းပုံကို ဖျက်သိမ်းကြောင်း ကြေညာဖို့၊ ဖက်ဒရယ်ဒီမိုကရေစီကို လက်ခံကြောင်း ကြေညာဖို့နဲ့ စစ်အာဏာရှင်စနစ် အကြွင်းမဲ့ပပျောက်ရေးတို့ကို ကြေညာဖို့ အလိုရှိတယ်။ EAOs နဲ့ တိုင်းရင်းသားအဖွဲ့တွေကို နောက်ကွယ်မှာ CRPH အနေနဲ့ ဘယ်လို ညှိနှိုင်းနေမှန်းမသိပေမယ့် ဒီညှိနှိုင်းမှုမှာ မပါဝင်တဲ့ အဖွဲ့တွေဟာ CRPH ရဲ့ ပွင့်လင်းပြတ်သားတဲ့ ကြေညာချက်ကို အလိုရှိတယ်။

EAOs နှင့် တိုင်းရင်းသား အဖွဲ့အစည်းများ
ဒီအဖွဲ့အစည်း အများအပြားက အာဏာသိမ်းမှုကို ဗမာအဖွဲ့အစည်းနှစ်ခုရဲ့ ပွတ်တိုက်မှုအဖြစ် သဘောထားပြီး စောင့်ကြည့်နေတဲ့ အနေအထားမှာရှိတယ်။ တိုင်းရင်းသား အဖွဲ့တချို့ဟာ အမျိုးသားလက်ငင်းအကျိုးစီးပွါးကို ရှေ့ရှုပြီး စစ်အုပ်စုကို မဆန့်ကျင်တဲ့ အပြုအမူတွေ ပြုလုပ်နေသလို့ တိုင်းရင်းသား အဖွဲ့တချို့ကလည်း ပေါ်ပေါ်ထင်ထင် ဆန့်ကျင်နေတယ်။ အရှေ့ဘက်က ဥပမာတွေကြောင့် သူတို့ဟာ NLD ကိုရော စစ်တပ်ကိုပါ အပြည့်အဝ မယုံရဲသေးပါ။ စစ်အာဏာရှင်စနစ်ကိုတော့ အားလုံးက မလိုလားတာ ရာနှုန်းပြည့်သေချာတယ်။ သူတို့ကို ရန်သူအနေနဲ့ ပြောဆို ဝါဒဖြန့်နေမှုကို ရပ်တန့်ဖို့လိုတယ်။ ဒီအချိန် ဘုံရန်သူဟာ စစ်အုပ်စုဆိုတာ နားလည်ဖို့ လိုတယ်။ ဒီ အဖွဲ့အစည်းတွေ CRPH ဘက်ကို သိသိသာသာ ထောက်ခံနိုင်ဖို့ နိုင်ငံရေးအရ အာမခံနိုင်တဲ့ ဖက်ဒရယ်ကတိပေးဖို့လိုတယ်။ ဒီအချိန်မှာ အထဲရောက်နေတဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ သဘောထားကို စောင့်ဆိုင်းနေဖို့မလို၊ အရင်ဆုံးဖြတ်ချက်တွေကို တော်လှန်ဖို့ နှောင့်နှေးနေရမယ့် အချိန် မဟုတ်။

(A) Proxy War ကြားခံစစ်ပွဲ
အနောက်နိုင်ငံတွေဟာ မြန်မာပြည်အတွင်း ဝင်မလာနိုင်ပေမယ့် ရှိပြီးသားတော်လှန်ရေးအဖွဲ့တွေကို ထောက်ပံ့ပြီး ပရောက်စီဝါး လုပ်နိုင်တယ်လို့ ခန့်မှန်းချက်တွေ ရှိပါတယ်။ တိုင်းရင်းသားအဖွဲ့တွေရဲ့ စုစုပေါင်းအင်အားဟာ ဗမာပြည်ကို ကျူးကျော်နိုင်တဲ့ အနေအထားမရှိ။ မိမိနယ်မြေတွေကို ထိန်းချုပ်နိုင်ဖို့ကြိုးပမ်းနေရတဲ့ အခြေအနေပါ။ ကြားခံစစ်ပွဲအတွက် ဗမာတွေကို ကိုယ်စားပြုတော်လှန်မယ့် တော်လှန်ရေးတပ် မရှိပါ။ တကယ်လို့ တော်လှန်ရေးတပ် ဖွဲ့နိုင်လို့ ပရောက်စီဝါးကို အချိန်အတိုင်းအတာ တစ်ခုထိတောင့်ခံထားနိုင်ရင် CRPH ရဲ့ ကြေညာချက်နဲ့အတူ PPST ဆယ်ဖွဲ (စစ်အုပ်စုမပါ)နဲ့ မြောက်ပိုင်း ခုနစ်ဖွဲ့ဟာ မဟာမိတ် ဖြစ်လာနိုင်တယ်။ စစ်အုပ်စုရဲ့ ကျဆုံးမှုနဲ့အတူ ဖက်ဒရယ် နယ်မြေတွေ (သို့) သီးသန့် နိုင်ငံငယ် အများအပြားထိ ဖြစ်လာနိုင်တယ်။

GSC၊ သမဂ္ဂများ၊ ဗကသဟောင်းများ နဲ့ ဗကသ အဖွဲ့အစည်းများ
ဆန္ဒပြပွဲတွေမှာ ရှေ့ဆုံးက ချီတက်ပြီး တော်လှန်ရေးမှာ တပ်ဦးက တိုက်မယ့် အမာခံအဖွဲ့တွေ။ သူတို့နဲ့ ကျန်တဲ့ အဖွဲ့အစည်းတွေ နားလည်မှု ယူထားပြီး ပူးပေါင်းဆောင်ရွက်ဖို့ လိုပါမယ်။ သူတို့ လမ်းမထွက်နိုင်လို့ ထွက်မယ့်လူမရှိတော့ရင် တော်လှန်ရေးဟာ ရက်သတ္တပတ်အနည်းငယ်အတွင်း အဆုံးသတ်သွားမယ်။

ဖောင်မဖျက်ဘဲ false hope ရှိနေခြင်းဟာ တော်လှန်ရေးကို အားလျော့စေတယ်။ ဒီစာရဲ့ အချုပ်က မြန်မာပြည်ကို လာကယ်ပေးမယ့် ကယ်တင်ရှင် မရှိ။ ကိုယ့်ကြမ္မာ ကိုယ်ဖန်တီးရမယ်။

Tags: ,

· · · ◊ ◊ ◊ · · ·

Leave a Reply

*