Monday 26th July 2010

by Lionslayer

ဒီနှစ်ပိုင်းတွေမှာ ကောင်းတဲ့ဘက်ကို ယိမ်းတဲ့ အပြောင်းအလဲတွေ ဖြစ်မယ်လို့ အကောင်းမြင် သမားများက မှန်းကြပါတယ်။ မှန်ပါတယ်။ ဘဏ်တွေဖွင့်ဖြစ်လာရင် အဓိကအနေနဲ့ အိုင်တီလုပ်ငန်းတွေ ပရောဂျက်တွေ ရလာမှာ အမှန်ပါပဲ။ ထောင်နဲ့ ချီတဲ့ လူတွေလည်း အလုပ်ရလာကြမှာပါ။

ဒါပေမယ့် ဒီဘဏ်တွေကို ဘယ်သူက အာမခံမှာလဲ။ တခြားနိုင်ငံတွေမှာတော့ ဘဏ်တွေ ပြိုလဲရင်တောင် အစိုးရနဲ့ အာမခံလုပ်ငန်းကြီးတွေက လူတွေရဲ့ အပ်ငွေတွေ မဆုံးရှုံးရအောင် အကာအကွယ် ပေးထားပါတယ်။ ဒီမှာတော့ ခုထိ ကိုယ်ဖြစ်ကိုယ်ခံပါပဲ။

လမ်းအသစ်တွေ အများကြီးဖောက်တာလည်း တွေ့ရပါတယ်။ ဖွံ့ဖြိုးဆဲနိုင်ငံတစ်နိုင်ငံရဲ့ ဖွံ့ဖြိုးနှုန်းဟာ နှစ်စဉ်တိုးတက်နေရမှာ သီအိုရီပါ။ တဝက်တပျက် ဈေးကွက်စီးပွားရေး သီအိုရီအရ ကုန်စည်စီးဆင်းမြန်ဆန်ဖို့ တောင်းဆိုချက်တွေ ဖြစ်လာတဲ့အတွက် ဒါတွေက ရှောင်လွှဲမရတဲ့ အရာတွေပါ။ ဒါပေမယ့် ဘယ်လမ်းမဆို ကြည့်လိုက်ရင် တစ်မိုးခံတွေ ချည်းပါပဲ။ မိုးမှာပျက် ဆောင်းမှာပြင် နွေမှာသုံး ပတ်လည်ရိုက်နေပါတယ်။ မကုန်သင့်တဲ့ ပြည်သူ့ငွေတွေကို ကန်ထရိုက်တာတွေကို နှစ်တိုင်း ဆက်ကြေးပေးနေသလိုပါပဲ။

ငယ်ငယ်တုန်းက ရန်ကုန်က မီးတော်တော် မှန်ပါတယ်။ ရန်ကုန်ဟာ မြန်မာမှာ ကုန်ထုတ်လုပ်ငန်း အများဆုံးရှိပြီး တစ်နိုင်ငံလုံး လျှပ်စစ်ဓာတ်အားရဲ့ ၆၀% အသုံးပြုတယ်ဆိုပါတယ်။ ရန်ကုန်ကိုသာ မီးအပြည့်ပေးလိုက်ရင် ထွက်လာမယ့် ကုန်ထုတ်စွမ်းအားတွေက ကြောက်ခမန်းလိလိပါ။ အခုတော့ လျှပ်စစ်မီးဆိုတာ လာရင်ပျော်ရတဲ့အရာ ဖြစ်နေပါတယ်။ လူတိုင်းက မီးအားမြှင့်စက်တွေ ဝယ်သုံးရမယ့်အစား ရက်ကွက်တိုင်းမှာ စွမ်းဆောင်ရည်ပြည့်တဲ့ မီးအားမြှင့်စက်ကြီးတွေ လိုက်တပ်လိုက်ရင် နိုင်ငံအနေနဲ့ မလိုတဲ့ ငွေကြေးစီးထွက်မှုတွေ လျော့ချနိုင်မှာပါ။ ထိုင်းကို ဓာတ်ငွေ့ကြမ်းရောင်းပြီး စီအမ်ဂျီမလောက်လို့ ပြန်ဝယ်ရတာ၊ ရေအားလျှပ်စစ်တွေကို ပြည်တွင်းမှာ အလုံအလောက်မသုံးရတာတွေကလည်း မပြောဘဲ မနေနိုင်စရာပါ။

နိုင်ငံမှာရှိတဲ့ လုပ်ငန်းတွေရဲ့ အဓိက အရင်းအမြစ်က လူ့အရင်းအမြစ်ပါ။ သူတို့ရဲ့ ပညာရေးနဲ့ ကျန်းမာရေးနှစ်ခုပေါင်းကို ဘယ်လိုပဲ လှည့်စဉ်းစားစဉ်းစား ဂျီဒီပီ ဝ.၅% ထက်ကို ပိုသုံးသင့်တယ်လို့ပဲ အဖြေထွက်ပါတယ်။

ပုဂ္ဂလိကပိုင်လုပ်တယ် ဆိုတာမှာလည်း ရှင်စောပု ဘုရားလှူထားခဲ့တဲ့ ပြည်သူ့ရင်ပြင်ပါ မချန် လုပ်တာတော့ သိပ်မနိပ်လှပါဘူး။ သမိုင်းဝင် အဆောက်အအုံတွေဆိုတာ ကမ္ဘာပျက်တဲ့အထိ ထိမ်းသိမ်းထားသင့်တဲ့ အရာတွေပါ။ လုပ်လိုက်တဲ့ နေရာတွေကရော တိုင်းရင်းသား ပြည်သူတွေရဲ့ လက်ထဲရောက်သလား။ လက်တဆုပ်စာ တိုင်ကွန်းတွေနဲ့ နိုင်ငံခြားသားတွေ လက်ထဲ ရောက်သွားသလားဆိုတာ ထည့်သွင်းစဉ်းစားရမယ့် အရာတွေပါ။

ဆက်သွယ်ရေးဆိုတာကလည်း မိုနိုပိုလီကနေ ပုဂ္ဂလိကပိုင်လုပ်ငန်း သုံးခုလောက်ကို အပြိုင်အဆိုင် လုပ်ခွင့်ပေးလိုက်ရင် ဈေးတွေ ဝုန်းကနဲ ပြုတ်ကျသွားမယ့် အရာပါ။ လူသိန်းနဲ့ချီပြီး အလုပ်ရမယ့် အလုပ်အကိုင် အခွင့်အလမ်းတွေလည်း ဖြစ်ပါတယ်။ ဘာကြောင့် ဒီလောက် တင်းတင်းကျပ်ကျပ် ထိမ်းချုပ်ထားရလဲ နားမလည်(ချင်ယောင်ဆောင်နေသည်)နိုင်ပါ။

သိတော့သိပြီးသားတွေပါပဲ။ မေ့ထားလို့မရအောင် အစပြန်ဆွဲထုတ်ပေးတာပါ။ ကျွန်တော်ကတော့ ၂၀၁၀ နောက်ပိုင်းမှာလည်း လူအများစုအတွက် ဒုံရင်းဒုံရင်းလို့ပဲ ထင်မိပါကြောင်း။

Tags: , , ,

· · · ◊ ◊ ◊ · · ·

Leave a Reply

*