Wednesday 30th May 2012

by Lionslayer

ဆိပ်သာ မက်သနောစက်ရုံမှာ အမေတာဝန်ကျတော့ ကျွန်တော်လည်း အဲမှာပဲ ကျောင်းတက်ရတယ်။ မနက်ဆို ၈နာရီ တီအီးကားအမီ ထမင်းဘူးမပြီးပြေးရတယ်။ ကျောင်းက ရွာပြင်ဘက်နားမှာရှိတယ်၊ တွဲဘက်ကျောင်းလေးပါ။ ဝန်ထမ်းအိမ်ရာတွေနဲ့ဆိုရင် မိနစ် ၂၀ လောက် မောင်းယူရတယ်။ ကားမမီရင် စက်ဘီးနဲ့သွားရတယ်။ မိုးတွင်း ရွှံ့မြေနီမှာ တောင်တက်တောင်ဆင်း စက်ဘီးနဲ့ ကျောင်းသွားရတာ စဉ်းစားကြည့်တော့။ လူက စက်ဘီးကို စီးရတာ စက်ဘီးက လူကိုစီးတာနဲ့ အတူတူလောက်ရှိမယ်။

မိုးဦး ကျောင်းစတက်တဲ့အချိန် တစ်နေ့ကျောင်းက စက်ဘီးနဲ့ ပြန်လာတော့ အိမ်နားက မြေနီနဲ့ ကျောက်စရစ်အရောရော လမ်းမပေါ်မှာ နီနီအကောင်လေးတွေတွေ့တယ်။ ဆိပ်သာရောက်ခါစ ပထမနှစ်က တစ်ခါတွေ့ဖူးတယ်။ သူများအိမ်နားမှာဆိုတော့ သိပ်မစပ်စုလိုက်ရဘူး။ မေးကြည့်တော့ ကတ္တီပါကောင်တွေလို့ပြောတယ်။ ကိုင်ကြည့်တော့လည်း အိစိအိစိနဲ့ တကယ့် ကတ္တီပါသားလေးတွေ ကျနေတာပဲ။ ကြည့်ရင်း အသည်းယားလာတာနဲ့ တွေ့သမျှကောက်လာပြီး အိမ်ယူခဲ့တယ်။ လမ်းမှာထားရင်လည်း ကားကြိတ်သွားဖို့ များတယ်လို့ တွေးမိတာကိုး။ အိမ်ရောက်တော့ လွယ်အိတ်ကို ပစ်ချ၊ အိမ်ရှေ့ဝရံတာထောင့်လေးမှာကပ်ပြီး သစ်တိုသစ်စတွေနဲ့ ဘောင်လေးလုပ်ပြီး သဲတွေ မြေကြီးတွေ ကောက်ဖြည့်တယ်။ အဲဒီထဲမှာမှ စောစာက ကောက်လာတဲ့ ကတ္တီပါကောင်လေးတွေကို ထည့်လိုက်တယ်။ အမေအိမ်ပြန်လာတော့ သဲတွေနဲ့ ဆော့နေပြန်ပြီဆိုတဲ့ ပုံနဲ့ကြည့်ပြီး အိမ်ထဲဝင်သွားတယ်။

အိမ်နားမှာ ရှာလိုက်ရင် ပလူအတောင်ကျွတ် အသေကောင်လေးတွေ ပေါတာနဲ့ သူတို့စားဖို့ဆိုပြီး ကတ္တီပါကောင်ခြံလေးထဲ ထည့်ထည့်ပေးရတယ်။ အိမ်ပြန်ရောက်ရင် သူတို့ကို သွားသွားကြည့်ရတာ အမောပေါ့။ ကတ္တီပါကောင်မွေးပြီး သုံးရက်မြောက်နေ့ အိမ်ပြန်လာတော့ ကတ္တီပါကောင်ခြံလေး မရှိတော့ဘူး။ သစ်တိုသစ်စတွေ ဘေးမှာ ပုံထားတာပဲတွေ့တော့တယ်။ ငိုချင်ချင်ဖြစ်သွားပြီး အမေ့ကို မေးကြည့်တော့ မသိဘူးပြောတယ်။ အဲဒါနဲ့ အရှေ့ထွက်ပြီး ဟိုဟိုသည်သည် လိုက်ရှာတော့ ဒန်းစင်းလေဒီပန်းအိုးထဲမှာ သဲနဲ့ မြေကြီးအရောရော လတ်လတ်ဆတ်ဆတ် ထည့်ထားတာတွေ့ရော။ အသံကုန်ဟစ်ပြီးငိုတော့ အမေထွက်လာပြီး သူ့ပန်းအိုးလေးကို ပြန်သွန်ပြီးရှာပေးပါတယ်။ ဘာကောင်မှ မရှိတော့ဘူး။ သူလည်း ဘာကောင်မှမတွေ့ဘူးလို့ ပြောရှာပါတယ်။ အဲဒီတစ်နေ့လုံး မျက်ရည် တစိုစို နှပ်တရှုပ်ရှုပ်။

Tags: , , ,

· · · ◊ ◊ ◊ · · ·

Leave a Reply

*