Monday 14th May 2012

by Lionslayer

ဒီတစ်ခါလည်း သူများခေါင်းစဉ် ခိုးချလိုက်ဦးမယ်။ သာသာယာယာဆိုလို့ ခေါင်းထဲရောက်လာတာ အိမ်သာ ကိစ္စပါ။ ဟုတ်ပေမပေါ့။ အိမ်မှာ ဒါလေးတစ်လုံးလောက်ရှိမှ သာယာတော့မကိုး။ ရခိုင်မှာတော့ ဒီ့ထက် ပိုဒဲ့ကျတယ်။ ချဘောင်သာ တဲ့။ အိမ်သာအကြောင်းပြောရင် မသတီ၊ အော်ဂလီဆန် ရွံ့ကနဲဖြစ်ပေသော်ငြား အစားအသောက်တွေနဲ့ ဆက်စပ်တွေးမိတယ်ပြောရင် အံ့ဩကြမလားပဲ။

ကျော်စွာ ဓာတ်မြေဩဇာစက်ရုံမှာ အမေတာဝန်ကျတော့ ကျွန်တော်လည်း အဲမှာပဲပေါ့။ အဲဒီမှာ ရုပ်ရှင်ရုံရှေ့ မျက်စောင်းထိုးပြောမလား ဓားလွယ်ခုတ်ပြောမလား အဲနားက အိမ်မှာ ကျွန်တော်တို့နေတယ်။ ကျော်စွာဆိုတာ ပြည်နဲ့ အောင်လံကြားက ရွာလေးပါ။ ရွာလေးနားမှာ စက်ရုံတည်ပြီး ဝန်ထမ်းအိမ်ရာ တစ်ထပ်တိုက်ပုလေးတွေ ဆောက်ပေးထားတယ်။ ရုပ်ရှင်ရုံဆိုတာလည်း ဝန်ထမ်းတွေအတွက် ဖွင့်ပေးထားတဲ့ ကားအကျတွေတင်တဲ့ ဖလင်ရုံလေးပါ။ ရုပ်ရှင်ရုံရှေ့ မှာ ဘာပင်ကြီးလဲမသိဘူး ရှိတယ်။ အဲဒီအပင်က အစေ့တွေ ချာလပတ်ရမ်းပြီးကျလာရင် ကျွန်တော်တို့ ကလေးတွေ ကျောက်တုံးနဲ့ထုပြီး အထဲကအဆံကို ခွဲစားကြတယ်။ ဆောင်းတွင်းဆို ကလေးတွေစုပြီး ပုရစ်တွင်းတွေ ရေနဲ့လောင်း၊ ထွက်လာတဲ့ ပုရစ်တွေကိုလိုက်ဖမ်း၊ ကြော်စား အကုသိုလ်တွေ ပျော်ပျော်ကြီးကျူးလွန်ကြတာပေါ့။ ကဲ ပြောရင်းဆိုရင်းချော်တောငေါ့သွားပြီ။ အဲဒီမှာ ကျွန်တော်နေတဲ့အိမ်က အိမ်ဘေးပတ်လည်မှာ ကွန်ကရစ်ခင်းထားတယ်။ ကွန်ကရစ်ကြမ်းပြင်ပြီးမှ ကွန်ကရစ်မြောင်းလေးရှိတယ်။ မြောင်းလေးဘေးမှာမှ မြေကွက်လပ်ပတ်လည် တစ်လံလောက်ရှိသေးတယ်။ အဲဒီနောက်မှာမှခြံစည်းရိုး။ ခြံနောက်မှာ ဒန့်သလွန်ပင်ကြီးရှိတယ်။ ခြံဘေးမှာတော့ သပြေပင်နှစ်ပင် ငှက်ပျောပင်တစ်တောနဲ့ ဆီးပင်ကြီးတစ်ပင်ရှိတယ်။ ခြံရှေ့တံခါးဝနားမှာ ပန်းပင်တွေရှိတယ်။ အဲ ကွန်ကရစ်မြောင်းလေးထဲမှာတော့ ကန်စွန်းပင်တွေ ရှိတယ်။ သန်လိုက်တာ မပြောပါနဲ့ စားလို့လည်း ကောင်းမှကောင်း။ ကောင်းဆို မြေဩဇာကလည်း ကောင်းတာကိုး။ အိမ်သာမအားရင် ကလေးဆိုတော့ နောက်ဖေးဘက်ထွက်သွားပြီး မြောင်းဘောင်မှာ ခပ်တည်တည်နဲ့ သွားထိုင်လိုက်တာပဲလေ။ မိုးတွေရွာလို့ ရေလျှံတဲ့နေတွေဆို ပေါလောပေါလောနဲ့ပေါ့။ တွေးကြည့်လည်း လွမ်းမိပါတယ်။ အဲဒီမှာ မီး ၂၄ နာရီလာတယ်လေ။

ရခိုင်ကျောက်ဖြူဘက်က အဘိုးအဘွားတွေဆီ သွားနေတော့ အဲဒီနားမှာ အမျိုးအိမ်တွေချည်းစုနေတာ။ အဲဒီတုန်းက အဲလိုနယ်ဘက်တွေမှာယင်လုံ အိမ်သာခေတ်မစားသေးဘူး။ အိမ်တွေနဲ့ ခပ်လှမ်းလှမ်း မြေကွက်လပ်နေရာမှာ အိမ်သာတွေချည်းပဲ တန်းစီဆောက်ထားတာ။ ကိုယ့်အိမ်သာကိုယ် သော့ဖွင့်ပြီး သွားတက်ပေါ့။ အိမ်သာပုံစံက ခြေတံရှည်အိမ်သာလေးတွေ။ အောက်ဘက်မှာ သစ်သားဇလားအပွင့်ကြီးတစ်ခုချထားတယ်။ ဟုတ်တယ် အပွင့်။ ယင်တလောင်းလောင်း လောက်တဖွားဖွားနဲ့၊ အိမ်သာတက်ရင်း ထိုင်ကြည့်နေတောင် အပျင်းပြေလောက်တယ်။ ပြည့်သွားရင်တော့ ချေးကုလားခေါ်သွန်ရတယ်။ နောက်ပိုင်းယင်လုံအိမ်သာတွေဖြစ်သွားတော့ စည်ပင်က မိလ္လာကားခေါ်စုပ်တယ်။ ထားတော့။ ပြောချင်တာက အဲဒီနားမှာ ခြံစည်းရိုးကို နွယ်တက်နေတဲ့ ဧရာမ မြောက်ဥပင်ကြီးအကြောင်းပါ။ သဘာဝမြေဩဇာတွေ မဟားဒယားစားသုံးပြီး အရွက်ဖားဖား စိမ်းစိမ်းစိုစိုနဲ့ အိမ်သာနဲ့ ခြံစည်းရိုးကြား မင်းမူနေတာ။ အဘိုးက မြောက်ဥဟင်းခါးချက်ကျွေးတဲ့နေ့တွေ ထမင်းမြိန်သလား မမေးပါနဲ့။

ကျောက်ဖြူကနေ မြေလတ်ပိုင်းသွားချင်ရင် လမ်းပန်းဆက်သွယ်ရေးက ခုခေတ်လို မကောင်းသေးဘူး။ တောင်ကုတ်ကို သင်္ဘောနဲ့ အရင်သွား။ တောင်ကုတ်ရောက်မှ ပြည်၊ ရန်ကုန်ကို ကားပြောင်းစီးရတယ်။ ကျောက်ဖြူအရှေ့ဘက်က ရေစူးမကောင်းလို့ အနောက်ဘက်ပိုင်းကနေ ရမ်းဗြဲတစ်ကျွန်းလုံးကို သင်္ဘောနဲ့ပတ်ပြီးမှ တောင်ကုတ်သွားလို့ရတယ်။ ရမ်းဗြဲဆိုတာ ဒုတိယကမ္ဘာစစ်တုန်းက မဟာမိတ်တွေနဲ့ ဂျပန်တွေ အကြီးအကျယ်တိုက်ပွဲဖြစ်ခဲ့တဲ့ နာမည်ကျော်ကျွန်း။ ဗြိတိသျှစစ်သင်္ဘောက ချိန်ပစ်လိုက်တဲ့ အမြောက်ဆံဟာ ကျောက်ဖြူခံတပ်က ဂျပန်အမြောက်ပြောင်းဝထဲ တည့်တည့်ဝင်သွားခဲ့တဲ့အကြောင်း ခုထိ ပြောစမှတ် ဖြစ်တုန်း။ သင်္ဘောက မနက်စောစော ခုနစ်နာရီလောက်ထွက်ရင် ညနေစောင်း ရှစ်နာရီလောက်မှ တောင်ကုတ်ရောက်တယ်။ တောင်ကုတ်ကနေ ရခိုင်ရိုးမခရီးကြမ်းကို ဖြတ်ပြီး မောင်းလိုက်ရင် နောက်တစ်နေ့ နေ့လည်လောက် ပြည်ကိုရောက်တယ်။ ရန်ကုန်ထိဆိုရင် ညမှောင်မှ ရောက်မယ်။ ရိုးမပေါ်က ဆတ်သားခြောက်က နာမည်ကျော်၊ ဆတ်သားစစ်လားမစစ်လားတော့မသိ။ တစ်ခါ ကားဆရာသား ကောင်လေးတစ်ယောက်ကပြောတော့ အမဲသားကို ထုံးရည်ကြည်မှာစိမ်ပြီး အရသာပြောင်းအောင် လုပ်ထားတာဆိုလားပဲ။ အဲဒါ အမေရယ် ကျွန်တော်ရယ်၊ အစ်မရယ် သုံးယောက်ပေါ့ ရခိုင်ကအပြန်။ ကျွန်တော်လည်း ခုနစ်နှစ် ရှစ်နှစ်လောက် ရှိဦးမယ် ထင်တယ်။ ဖြစ်ချင်တော့ သင်္ဘောက ရမ်းဗြဲသင်္ဘောဆိပ်နားမှာ ပျက်တယ်။ အဲဒီတော့ သင်္ဘောဆိပ်မှာ ခဏနားပြီးပြင်တယ်။ သင်္ဘောဆိပ်ကနေ မြို့အထိ တော်တော်လှမ်းတယ်။ နောက်တစ်နာရီလောက် ကားနဲ့ သွားရသေးတယ်။ ပြင်ပြီးသွားတော့ ညနေစောင်းနေပြီ။ ရေကျချိန်ဆိုတော့ သင်္ဘောကနောက်နေ့မှ သွားလို့ရတော့မယ်။ အဲဒါနဲ့ သင်္ဘောဆိပ်နားက ဇရပ်လိုမျိုး နံရံအပွင့်နဲ့တည်းခိုခန်းမှာနားရတယ်။ ဆောင်းတွင်းဆိုတော့ အေးလိုက်တာ လွန်ပါရော။ မှတ်မှတ်ရရ ဖလ်ဘူးရှောက်သီးဆေးပြားကို အဲဒီမှာ အမေ့ဆီက စ စားရတာ မှတ်မိတယ်။ ဖလ်ဘူးကို ဖန်ဘူးလို့ အသံထွက်ရကောင်းမှန်းမသိတာနဲ့ ဖယ်လ်ဘူး ဖယ်လ်ဘူးနဲ့ ထွက်ခဲ့တာ။ တစ်ညလုံးလည်း ဆီးချုပ်ဝမ်းချုပ်နဲ့။ ဖလ်ဘူးတွေနင်းကန်စားပြီး ဗိုက်က ရစ်တစ်တစ်နဲ့ပေါ့။ အိမ်သာမရှိလို့တော့မဟုတ်ဘူး။ ကြောက်လို့။ တည်းခိုတဲ့နေရာနဲ့ မလှမ်းမကမ်း ကမ်းပါးတလျှောက်မှာ အိမ်သာလေးတွေ တန်းစီဆောက်ထားတယ်။ အိမ်သာဆိုပေမဲ့ ဖြစ်ကတတ်ဆန်း လေးတိုင်စင်လေးတွေ။ ကမ်းပါး အောက်ခြေကလည်း ရေကျတဲ့အချိန်ဆိုတော့ ရွှံ့တွေဗွက်တွေ၊ အပေါ်ကလာတဲ့ အင်အင်းတွေနဲ့ရောပြီး ဝါညစ်ညစ် ရွံ့ပြင်ကျယ်ကြီးပေါ့။ တစ်ခါခါ ငါးစင်ရိုင်းလေးတွေ ထပွက်တယ်။ အပေါ်ကအောက်ထိ ဝါးတစ်ရိုက်လောက်မြင့်တယ်။ တံတားထိုးထားတာလည်း ကမ်းနဲ့ ဝါးတစ်ရိုက်လောက်ကွာတယ်။ တံတားကလည်း မည်ကာမတ္တတံတား။ လက်ကောက်ဝတ်အရွယ် ဝါးလေးနှစ်လုံးထိုးထားပြီး ဘေးမှာ လက်ကိုင်တန်းလေးတစ်တန်း လုပ်ထားတယ်။ ကျွန်တော်ကငယ်ငယ်တုန်းက အမြင့်ကြောက်တတ်တယ်။ သုံးထပ်အိမ်မှာ ပြတင်းပေါက်က ထွက်မကြည့်ရဲဘူး။ ကဲစဉ်းစားကြည့် အိမ်သာမသွားရဲတာ ဘယ်သူ့အလွန်လဲလို့။ ဒါလည်းမနေနိုင်ပါဘူး။ နောက်နေ့မနက်စောစော မအောင့်နိုင်လို့ ကြောက်ကြောက်နဲ့ သွားရတာပါပဲ။ တံတားပေါ်ဖြတ်တော့ ဒူးတွေယိုင်လို့ပေါ့။ တံတားအစပ်မြူတွေကြားမှာ ထိကရုံးလေးတွေ ကျိုးတိုးကျဲတဲ ပွင့်လို့။ အောက်ငုံ့မကြည့်နဲ့၊ အောက်ငုံ့မကြည့်နဲ့။ ခြေလှမ်းတောင် ကျဲကျဲမလှမ်းရဲဘဲ တစ်လက်မစီ တိုးတိုးရွှေ့သွားရတယ်။ ။နောက်ဆုံးအောင်မြင်စွာ အိမ်သာထဲရောက်သွားတော့လည်း နံရံကမလုံ့တလုံ။ ဆောင်းလေများ တစ်ကျော့လောက်ဖြတ်တိုက်လိုက်ရင် ကျောရောဖင်ရော စိမ့်ကနဲပဲ၊။ အောက်များယောင်လို့ ငုံ့မကြည့်ရဲဘူး။ မတော်လို့ ချော်ကျသွားရင် အောက်က အင်အင်းရွှံ့ထဲမှာ စွပ်ဆို ခေါင်းစိုက်နေမှာ။ သေသော်မှတည့် ဪကောင်း၏။

စာကြွင်း။ ။ မေ့လို့။ ရွံတတ်ရင် ဒီစာ မဖတ်ပါနဲ့။

Tags:

· · · ◊ ◊ ◊ · · ·

2 Responses to “သာသာယာယာ တို့ကမ္ဘာ”

  1. Tha Kyaw says:

    Very good memory or just make it-up ?

· · · ◊ ◊ ◊ · · ·

Leave a Reply

*