Monday 12th November 2007

by Lionslayer

ငယ်ငယ်တုန်းက မိုးလေးများညို့လာပြီဆိုရင် စိတ်ထဲက ဆွတ်ပျံ့လွမ်းမောလာတတ်သည်။ ဘယ်သူ့ကိုလွမ်းမှန်းမသိ လွမ်းသည်။ ဝဿန်မိုးရဲ့ ပဉ္စလက်လို့များ ခေါ်ရမလားမသိ။
“မိုးရွာရင် မိုးရေချိုးမယ်… မေမေလာရင် နို့စို့မယ်… ဖေဖေလာရင် အုန်းသီးခွဲစားမယ်…”

ဒီသီချင်းကိုတော့ လူတိုင်းကြားဖူးလောက်သည်။ သို့ရာတွင် ရိုးရှင်းသော သီချင်း၏နောက်ကွယ်တွင် ခံစားချက်တို့ တစ်ပုံတစ်ပင် တွယ်ကပ်ပါလာတတ်ပါသေးသည်။

မိုးရွာပြီဆိုလျှင် မိုးရေထဲပြေးထွက်ပြီး မိုးရေချိုးရတာ၊ အမေအိမ်ထဲက လှမ်းခေါ်တာကို မကြားချင်ယောင်ဆောင်တာ၊ အေးစက်စက်မိုးက ဖြန်းအပက်မှာ ချမ်းစိမ့်စိမ့်လေက တိုးဝှေ့တာကြောင့် စိမ့်ကနဲ ဖြစ်သွားပေမယ့် စိတ်ထဲမှာ လွတ်လပ်ပျော်ရွှင်နေတာ၊ ဒါတွေဟာ မိုးသည်းညရဲ့ အိပ်မက်တွေပဲလား။

မိုးရေချိုးမည်ဆိုလျှင် တံစက်မြိတ်အောက်က အကောင်းဆုံးဖြစ်သည်။ ခေါင်မိုးပေါ်က စုစည်းလာသော မိုးရေလုံးတို့ကို အားရပါးရ ချိုးနိုင်သည်။ မိုးရေချိုးရင်း အိမ်ရှေ့က မြောင်းထဲမှာ သစ်ထွင်းလှေလွှတ်ရတာလည်း သတိရသေးသည်။ စက္ကူလှေက မိုးကြီးရင် လွှတ်မရ။ အဖေ့တပည့်တစ်ယောက်က သစ်ထွင်းလှေလေးလုပ်ပေးသည်။ မြစ်ထဲက တကယ့်ကတ္တူလှေ ပုံစံမျိုး။ ဟိုး…လမ်းထိပ်လောက်က လွှတ်လိုက်လျှင် မြောင်းတလျှောက်စီးလာပြီး ဈေးကိုကျော်သည်အထိ မြောသွားတတ်သည်။ အဲဒီအခါမျိုးမှာ ပင်လယ်ထဲမကျခင် အပြေးအလွှားဆယ်ရသည်။ ပြီးတော့ လှေကိုသယ်ပြီး လမ်းထိပ်ကိုပြန်ပြေး။

မနက်စောစော မိုးရွာသံကို အိပ်ယာထဲက မထဘဲ နားထောင်ရတာလည်း စည်းစိမ်တစ်မျိုးဖြစ်သည်။ သွပ်မိုးပေါ်ကို မိုးစက်ကျသော တဖျောက်ဖျောက်အသံသည် ဘာနှင့်မျှမလဲနိုင်သော ဂီတသံတစ်ခုဖြစ်သည်။ မိုးသည်းလာလျှင် တဗြောင်းဗြောင်းမြည်ကာ သံစဉ်ပြောင်းသွားတတ်သည်။

ကျောင်းတက်ရာမှာလည်း မိုးကာအင်္ကျီ ကျပ်ထုပ်ထုပ်ကို ဝတ်ရသည်။ အမှန်က အဲဒါထက်စာရင် ထီးကိုပိုကြိုက်သည်။ မိုးကာအင်္ကျီဟုသာဆိုရသည်။ ပေမမီ ဒေါက်မမီ ဖြစ်သည်။ အရှေ့ကအပေါက်နှစ်ပေါက်ထဲကသာ လက်ထုတ်လို့ရသည်။ အဲဒါကြီးဝတ်ထားပြီဆိုလျှင် သူများတွေလို လွတ်လွတ်လပ်လပ် ပြေးဆော့လို့မရ။ မိုးနှင့်ရွှံ့ လုံတာပဲရှိသည်။ ကျောင်းအပြန် မိုးသည်းနေပြီဆိုလျှင် လွယ်အိတ်ကို မိုးကာအင်္ကျီနဲ့ထုပ်၊ မိုးရေချိုးရင်း သူများတွေရေစဉ်အောင် ရွှံထဲမှာ တဗွမ်းဗွမ်းပြေးရသည်မှာ ပျော်စရာဖြစ်သည်။

အတန်းလေးများကြီးလာတော့ ရူးကျားကျားနှင့် မိုးရေထဲ ထီးမပါဘဲ စက်ဘီးလျှောက်စီးရသော အရသာကို နှစ်ခြိုက်တတ်လာပြန်သည်။ မိုးသည်းသော ကျောင်းပိတ်ရက်များတွင် စိတ်တူကိုယ်တူ သူငယ်ချင်းသုံးလေးယောက်ခန့်စုကာ ပင်လယ်နားဘက်သို့ စက်ဘီးစီးထွက်ကြသည်။ မညှာမတာ ဖြန်းပက်နေသည့်မိုးရေအောက်တွင် ပင်လယ်ဘက်မှ တလိမ့်လိမ့်တက်လာသော လှိုင်းလုံးဖြူကြီးများ၏ တဝုန်းဝုန်းရိုက်ခတ်နေပုံကို ကြည့်ရသည့်ခံစားချက်မှာ ဆယ်ကျော်သက်ဘဝ၏ ပန်းချီကားတစ်ချပ်ဟု ဆိုသော်ရကောင်းသည်။

“အခုရော မိုးရွာလာရင် ဘယ်လိုလုပ်တတ်ပါသလဲ” ဟု တစုံတစ်ယောက်က မေးလာပါငြားအံ့။ အဖြေကားအောက်ပါအတိုင်း ဖြစ်သည်။

“အဟီး အိပ်လို့သိပ်ကောင်းတာပဲ”

Tags: ,

· · · ◊ ◊ ◊ · · ·

Leave a Reply

*