Thursday 11th August 2011

by Lionslayer

တစ်နေ့သ၌ ကျွန်ုပ်မောင်သီဟကလေးသည် မရောက်သည်မှ ကြာလုပြီဖြစ်သော ဘွားပု၏ ဇာတိ မုဒုံခရိုင် စံပြရွာသို့ အလည်တစ်ခေါက် ရောက်ခဲ့ချေသည်။ ရွာထဲသို့ ဝင်လိုက်ကတည်းက ခါတိုင်းနှင့်မတူ တစ်ခုခုတော့ ထူးသည်ကို သတိပြုမိလိုက်သည်။ ပထမဆုံးဝင်တွေ့သူက ငယ်ငယ်က ခွေလှိမ့်ဘက် ဗလကြီး။ နာမည်နှင့်လိုက်အောင် လူကလည်း ထွားကြိုင်းလှသည်။

ဗလကြီးဆန်ဆိုင်သို့ ဝင်လိုက်သည်နှင့် သတိပြုမိလိုက်သည်က တင်းတောင်းမကျ ပြည်တောင်းမကသော တောင်းကြီးတွေ။

“ဟေ့ကောင် ဗလကြီး ဒီကိုးလိုးကန့်လန့် တောင်းတွေက ဘာလုပ်ဖို့လဲ။”

“ဟာကွာ ဒါ ဗလကြီးပြည်တောင်းကွ။”

“ဟင် မင့်ပြည်တောင်းတွေက အယ်စတုံကြီးတွေ။”

“အေးလေ ငါ့ဗလနဲ့ ဒါနဲ့မှ အနေတော်ပဲ။ ပြည်တောင်း ပိစိကွေးလေးတွေ အားမရပါဘူးကွာ။”

“ဟာ ဒါတွေနဲ့ ရောင်းတော့ မရှုံးဘူးလား။”

“အို ဈေးကိုလည်း ကြည့်ကြပ်တင်လိုက်တာပေါ့ ပိုတောင်မြတ်သေး။ ရွာထဲမှာဆို ငါ့တောင်းတွေကို လူကြိုက်များလို့ ဆန်မရောင်းဘဲ တောင်းရက်ရောင်းရင်တောင် စီးပွားအတော်ဖြစ်နေပြီ။”

“ဒါဆို တခြားရွာက ဆန်ကုန်သည်တွေနဲ့ ဘယ်လို အရောင်းအဝယ်လုပ်တုံး။”

“ကိုးပြည်နဲ့လေးလုံးဆို သူတို့ တစ်တင်းပဲလေ။ ဒီလိုပဲ တွက်ပြီး ရောင်းဝယ်ရတာပေါ့။”

“ဒါပေမဲ့ ခေတ်အဆက်ဆက် အစိုးရတွေ သတ်မှတ်ထားတဲ့စံ…”

“တော်တော် ဒါတွေလာမပြောနဲ့ ငါအကုန်သိတယ်။ ဒီမှာ ငသီဟ… မင်းဟာ ဘာစံကြီးပဲ ဖြစ်ဖြစ် အန်းယူဇာက အရေးကြီးဆုံးပဲကွ မှတ်ထား။ ယူဇာချွိုက် ယူဇာချွိုက်။”

ဪ… သူ့အရပ်နဲ့ သူ့ဇာတ်တော့ ဟုတ်နေတာပဲ။ တွေးလျက် မောင်သီဟသည် ဗလကြီးဆန်ဆိုင်မှ ခွာခဲ့သည်။ အနည်းငယ်လျှောက်သော် ညောင်ညိုပင်အောက်မှ အကြော်သည် ဒေါ်ဘုမ၏ ဆိုင်သို့ ရောက်၏။

ဒေါ်ဘုမ အကျော်စိုင်မဟာ ငပျောကိုကျော် မျင်းခွာကျော်လျှက် ဗူးသီးလဲကျော် ကျက်သွန်ကျော်တမြီ အကျော်ဇုံ ၇ပီ။

ထူးဆန်းသော ဆိုင်းဘုတ်သည် ကျွန်ုပ်အား ကြိုလင့်၏။ ကျွန်ုပ်ကိုမြင်သော် ဒေါ်ဘုမသည် ပြာပြာသလဲပင် ခွေးခြေတစ်လုံး ထိုးပေး၍ ရေနွေးအိုး ချလေ၏။

“အကြော်စုံ တစ်ပွဲ အချဉ်များများဗျာ… ဒါနဲ့ ဘာလို့ စာလုံးပေါင်းတွေ အမှားရေးရသတုံး။ ဘုန်းဘုန်းစွန့်ထားတဲ့ စာလုံးပေါင်း သတ်ပုံကျမ်း ရှိသေးတယ်မဟုတ်လား။”

ဒေါ်ဘုမသည် ကျွန်ုပ်အား သနားစရာ သတ္တဝါအလား ကြည့်လျက် ခေါင်းယမ်းလေ၏။

“ဒီမှာ မောင်သီဟ ၂၁ ရာစုမှာ စံတွေ စနစ်တွေ မလိုတော့ဘူး။ မော်ဒန်မှာ ကာရန်တွေ သတ်ပုံတွေ အားလုံးကို ချိုးဖျက်လိုက်ပြီ။ အဓိကက စားသုံးသူ အန်းယူဇာ နားလည်ဖို့ပဲ။ ဒီလို စတန့်ထွင်မှ ရွာမြောက်ဘက်ခြမ်းက တစ်ခုလပ်မ အကြော်ဆိုင်ကို ဖိုက်နိုင်မှာပေါ့။ အခုမြင်တဲ့အတိုင်းပဲ လူစည်နေတာတွေ့တယ်မဟုတ်လား။ ယူဇာချွိုက် ယူဇာချွိုက်။”

ဒေါ်ဘုမသည် ပြောရင်းဆိုရင်း အကြော်စုံပန်းကန်ကို အချဉ်နိုင်းချင်းနှင့် ချပေးလေ၏။ ကျွန်ုပ်လည်း ဒေါ်ဘုမ၏ ဩဝါဒကို အံ့ဩဘနန်း နားထောင်ရင်း အကြော်စုံကို အကြွေးစားခဲ့လေ၏။ ဒေါ်ဘုမအကြော်ဆိုင်မှထွက်သော် ကျောင်းဆရာလေး ကိုကြိုင်နီနှင့် တိုးလေ၏။

“ဟာ ဆရာလေး မတွေ့တာကြာပေါ့ နေကောင်းလား။”

“ကျုပ်စာမသင်တော့ဘူး ကိုသီဟ။”

“ဗျာ ဘာဖြစ်လို့လဲ။”

“ကျုပ် ယဉ်ကျေးမှုတော်လှန်ရေး လုပ်နေတယ်။ အဲ ဘောဒိုင်လည်း နည်းနည်းပါးပါးလုပ်ပါတယ်။”

ယဉ်ကျေးမှုတော်လှန်ရေး။ မောင်သီဟငယ်ခမျာ မျက်ဝိုင်းများ အလုံးသားဖြစ်သွားတော့သည်။ ကျောင်းဆရာက မျက်မှန်ကိုပင့်လျက် ဆက်ပြောသည်။

“ကျုပ် ရန်ကုန်တစ်ခေါက်သွားတော့ မုခစာအုပ်ဆိုတဲ့ အိမ်သာနက်စာမျက်နှာ တစ်ခုကို ရောက်ခဲ့တယ်။ ရောက်တုန်းရောက်ခိုက် သူများအတွင်းရေးတွေ လှန်လှောရင်းနဲ့ ယူဇာချွိုက်ဆိုတာကို ကျုပ်သဘောကျလာတာပဲ။ လူတစ်ချို့က လူနားမလည်တဲ့ ဂြိုဟ်သားစာတွေနဲ့ ရေးကြတယ်ဗျ။ ကျုပ်မေးကြည့်တော့ အန်းယူဇာတွေရဲ့ ယူဇာချွိုက်ကို နားမလည်တဲ့ သဘောက်မသား လူရမ်းကားတွေဆိုပဲ။”

မောင်သီဟလည်း ဉာဏ်မမီနိုင်။ ပါးစပ်အဟောင်းသားနှင့် ရင်သပ်ရှုမော နားထောင်ရ၏။

“ကျုပ် အဲဒါကို အရမ်းသဘောကျတယ်။ ယူဇာချွိုက်ဆိုတာ ဒီမိုကလေဇီပဲ။ အခုကျုပ် ဖိနပ်ကျွဲတစ်ဘက်နွားတစ်ဘက်စီးတယ်။ ကျုပ်မိန်းမ အတွင်းခံတွေ ယူဝတ်တယ်။ စည်းတွေ စံတွေ စနစ်တွေဆိုတာ လူတွေကို ဘောင်ခတ်ထားတာပဲ။ အခုဆို ရွာကလူတွေလည်း ကျုပ်ဟောပြောထားလို့ ယူဇာချွိုက်မှ ယူဇာချွိုက် ဖြစ်နေပြီလေ။ တခြားရွာတွေနဲ့ မတူတာကို ဒီရွာရဲ့ရွေးချယ်မှု ယူဇာချွိုက်ပေါ့။ သူကြီးတောင်မှ သူ့ပေတံအကျိုးလေး ရှစ်လက်မခွဲပဲ ရှိတာကို တစ်ပေသတ်မှတ်မလို့ လုပ်နေတယ်လေ။ ကျုပ်လည်း ပြောလိုက်တယ်လေ လုပ်သာလုပ် ဒီရွာက အများသဘူတောရင် ယူဇာချွိုက်ပဲ လို့။ သူများတွေလည်း ပေတံဘာတံ ကောင်းကောင်းရှိတာမှ မဟုတ်တာ။ လုပ်ပေးတာပဲ ကျေးဇူးတင်ရမယ်လေ။ အခုဆို သူကြီးက သူ့ပေတံနဲ့တိုင်းပြီးတော့ သစ်ဖြတ်စ အပိုင်းလေးတွေ လုပ်ပေးလိုက်တာ အားလုံးသဘောကျလို့။”

ဒီမိုကလေဇီ ဘောင်ခတ်… စကားလုံးများက မြင့်ပါဘိတောင်း။ ကျွန်ုပ်လည်း အံအားတသင့်နှင့် နုတ်ဘုတ်ငယ်ကို ထုတ်ကာ မှတ်သားသမှုပြုရ၏။

“ရွာဦးကျောင်းက ဘုန်းဘုန်းကတော့ ခေါင်းမာတယ်ဗျ ဘယ်လိုမှ ပြောမရဘူး။ ပိဋကတ်သုံးပုံ သင်္ဂါယနာမူက ကြီးလွန်းတယ်။ အခက်ဆုံး နှစ်ပုံခွဲလောက် လွှင့်ပစ်လိုက်ရင် သာမန်လူ လေ့လာလို့ရအောင် ကျုံ့သွားရင် လူတွေသဘောကျကြမှာပဲလို့၊ လူကြိုက်များလာရင် ဘုန်းဘုန်းမူက ယူဇာချွိုက်ဖြစ်လာမှာပဲလို့ ပြောမိတာဗျာ…”

ပြောရင်းဆိုရင်း ကျောင်းဆရာသည် ကျွန်ုပ်ပခုံးကို ကျော်ကြည့်ကာ ဖိနပ်နှစ်ဘက်ကို ခါးကြားကောက်ထိုးလျက် သုတ်ကနဲ ပြေးထွက်သွားလေ၏။ နောက်ပြန်လှည့်ကြည့်သော် ကျောင်းဆရာအား လိုက်ရှာနေသော ဘုန်းဘုန်းကို ကြိမ်လုံးကိုင်လျက် တွေ့လိုက်ရလေသတည်း။

Tags: , ,

· · · ◊ ◊ ◊ · · ·

4 Responses to “ကျွနု်ပ်နှင့် ယူဇာခွိုုက်”

  1. ကြိုက်သဗျာ။ လွှတ်ကြိုက်။ အဟိ
    ထိလဲ ထိတယ် ။ ရယ်လဲ ရယ်ရတယ်။
    စိတ်ညစ်တာလေးတွေတောင်ပျောက်သွားတယ်။
    ခွိ

  2. mydaydream says:

    လူ​တစ်​ချို့​က လူ​နား​မ​လည်​တဲ့ ဂြိုဟ်​သား​စာ​တွေ​နဲ့ ရေး​ကြ​တယ်​ဗျ။ ကျုပ်​မေး​ကြည့်​တော့ အန်း​ယူ​ဇာ​တွေ​ရဲ့ ယူ​ဇာ​ချွိုက်​ကို နား​မ​လည်​တဲ့ သ​ဘောက်​မ​သား လူ​ရမ်းကား​တွေ​ဆို​ပဲ။ LOL

  3. Thiha says:

    Mg Thiha will be wise soon…. I don’t want to force him to be wise. Wisdom is never come by force, but just by Wisdom itself.

    Hey, I remember your article on MMITPro. That’s really persuasive. I like that article, that’s why I followed the route of Unicode.

    Unicode and non-Unicode is not much like your crazy staff you wrote on that article. Hey if you target me on this article. Please remove my name in this article. If you don’t intended to me, that’s ok to leave it.

    Wish Mg Thiha will be wise soon and Nga Thiha will be wise soon. Be happy!

    Ps. I wish Mg Thiha is not me in this article.

· · · ◊ ◊ ◊ · · ·

Leave a Reply

*