ဂန္ထဝင်ဖြစ်မဖြစ်ကို ဘယ်လိုတိုင်းမလဲ။ ဂန္ထဝင်ဖြစ်တာနဲ့ နာမည်ကြီးတာ တူသလား။ အုပ်ရေများများ ရောင်းရတာနဲ့ရော ဆိုင်သလား။

၁၉၀၄ က ဦးကြီး၏ ချဉ်ပေါင်ရွက်သည် မောင်မှိုင်းဝတ္ထုတွေ ထွက်သည်။ စာရိတ္တမကောင်း။ သွားလေရာ မိန်းမလှလှနှင့် တွေ့သည်။ တွေ့သမျှမိန်းမနှင့်ရသည်။ ထိုခေတ်က ဘက်ဆဲလားဖြစ်သည်။ ယင်းကာလတွင် မြန်မာပြည်တွင် နာမည်ရှေ့က မစ္စတာတပ်ခြင်း ခေတ်စားနေချိန်ဖြစ်သည်။ ဆရာကြီးဦးလွန်းက မစ္စတာမောင်မှိုင်းကလောင်အမည်ကိုယူ၍ သူရိယသတင်းစာတွင် ဆက်တိုက်ရေးသည်။ မစ္စတာအမည်ခံသူများ မခံမရပ်နိုင်ဖြစ်ကြသည်။ သို့ရာတွင် တစ်နှစ်ခန့်ကြာသောအခါ မစ္စတာတပ်ခြင်းရောဂါ ပပျောက်သွားကြလေသည်။ ဆရာကြီးဦးလွန်းလည်း နောက်ပိုင်းတွင် သခင်ကိုယ်တော်မှိုင်းအမည်ဖြင့် ထင်ရှားလာလေသည်။ ဦးကြီး၏စာများမှာ ဂန္ထဝင် မဖြစ်သော်လည်း သခင်ကိုယ်တော်မှိုင်း၏ စာအများမှာ ဂန္ထဝင်အဖြစ် ကျန်ရစ်လေသည်။

ဂန္ထဝင်ကို အသာထား။ လတ်ရှိ အပျော်ဖတ်နဲ့ စာပေကောင်းကိုရော ဘယ်လိုခွဲမလဲ။ အကြောင်းအရာခြင်းက ခပ်ဆင်ဆင် မဟုတ်ကြပေလား။

အပျော်ဖတ်စာရေးဆရာတို့၏ ဇာတ်လမ်းများသည် သိသိသာသာ ထူးခြားဆန်းသစ်မလာ။ ဇာတ်လမ်းတို့သည် ပုံသေနည်းဆန်သည်။ ဖော်မြူလာထဲဝင်နေသည်။ များသောအားဖြင့် ဇာတ်သိမ်းကို မှန်းလို့ရသည်။ ဇာတ်အိမ်မခိုင်။ ဇာတ်လမ်း မည်မည်ရရမရှိ။ ဇာတ်ကောင်စရိုက် မပေါ်လွင်။ ရံဖန်ရံခါ ဇာတ်ကောင်စရိုက်မမှန်။ လူနှင့်မတူသော၊ ထူးဆန်းသောစရိုက်များ သွတ်သွင်းကာ ပရိတ်သတ်ကို ဆွဲဆောင်ထားလေ့ရှိသည်။

ရသမြောက်သော စာပေကောင်းတို့သည် စာဖတ်သူကို တွေးစရာချန်ခဲ့လေ့ရှိသည်။ ဇာတ်အိမ်ခိုင်သည်။ ဇာတ်ကောင်စရိုက်တင်ပြရာတွင် ပီပြင်မှုရှိသည်။ အရေးအသားကောင်းသည်။ ခံစားချက်၊ ဖန်တီးမှုစွမ်းရည်ကို အသုံးပြုရေးရသဖြင့် စာအုပ်အထွက်ကျဲသည်။

ကလေးတို့သည် စူးစမ်းသော၊ သိလိုသော၊ လေ့လာလိုသော စိတ်ရှိကြသည်။ သုူတို့တွေအတွက် ကလေးစာပေဆိုတာ ပေါ်လာရသည်။ ကလေးစာပေကို ကလေးတွေဖွံ့ဖြိုးဖို့အတွက် မရှိမဖြစ်လိုအပ်သည်ဟု ပြောလျှင်ပင်ရသည်။ သို့ရာတွင် ပညာရှင်ဆိုသူအချို့က ကလေးစာပေကို စာကြီးပေကြီးစာရင်းတွင် မသွင်းချင်။ အပျော်ဖတ်စာရင်းတွင် အသာညှပ်ထားချင်ကြသည်။ သို့ရာတွင် ကလေးတို့ကား် ယင်းတို့၏စာကြီးပေကြီးများကို ဖတ်ကြည့်ဖို့ဝေးစွ။ ကောက်ကိုင်ကြည့်ဖို့ပင် မျှော်လင့်မရပေ။ ယင်းစာအုပ်တို့ကို ဖတ်နိုင်လောက်အောင် ရင့်ကျက်လာသော အချိန်တွင်မူ ဖတ်လာကြပါလိမ့်မည်။ ကလေးစာပေတို့ကို မည်မျှပင် နှိမ့်ချစေကာမူ ပတ္တမြားမှန်က နွံမနစ်။

၁၈၆၅ က Lewis Carroll ၏ Alice’s Adventures in Wonderland အမည်ရှိ စာအုပ်ကို ထုတ်သည်။ ပဟေဠိဆန်သော နယ်မြေထဲသို့ ရောက်သွားသည့် အဲလစ်ဆိုသော ကောင်မလေးတစ်ယောက်အကြောင်းဖြစ်သည်။ ကမ္ဘာပေါ်ရှိ ကလေးတိုင်းအတွက် မရှိမဖြစ်လက်စွဲစာအုပ်လို ဖြစ်လာသည်။ စာအုပ်ထဲမှ ဇာတ်ကောင်အမည်များ၊ စကားလုံးများသည် ဥရောပမိသားစုများ၏ နေ့စဉ်သုံးစကားများအဖြစ် ပြောင်းလဲလာခဲ့သည်။ ယနေ့တိုင် ဘာသာပေါင်းများစွာကို ပြန်ဆိုခဲ့သည်။ ဆရာမြသန်းတင့် ကွယ်လွန်ခါနီးတွင် အခန်းဆက်ဘာသာပြန်ဆိုခဲ့ရာ မပြီးပြတ်ခဲ့။

၁၉၀ဝ တွင် L. Frank Baum က The wonderful wizard of Oz စာအုပ်ကိုရေးသည်။ ကလေးတွေကြိုက်ကြသည်။ ထူးဆန်းသောမှော်နယ်မြေသို့ ရောက်သွားသော ကောင်မလေးနှင့် သူ့မိတ်ဆွေများအကြောင်းဖြစ်သည်။ ၁၉၃၉ တွင် ယင်းကို The wizard of Oz အမည်ဖြင့် တေးသံစုံဇာတ်မြူးရိုက်သည်။ စာအုပ်တင်မက ရုပ်ရှင်ပါ ဂန္ထဝင်စာရင်း ဝင်သွားသည်။ Tolkien သည် အောက်စဖို့တွင် ပါမောက္ခရာထူးဖြင့် တာဝန်ထမ်းဆောင်ခဲ့သော ဘာသာဗေဒ ပညာရှင်ဖြစ်သည်။ တော်လ်ကင်သည် သူ့ဘဝတလျှောက်လုံးတွင် ဒဏ္ဍာရီဆန်သော နယ်မြေတစ်ခုနှင့် ဇာတ်လမ်းတွဲများကို အသေးစိတ်ဖန်တီးခဲ့သည်။ ပထမနှင့် ဒုတိယကမ္ဘာစစ်၏ အနိဌာရုံများကို တွေ့ခဲ့ရသူပီပီ စစ်၏ဆိုးရွားပုံကို အခြေခံထားသော ဇာတ်လမ်းများဖြစ်သည်။ ၁၉၅၄ ကစခဲ့သော The Lord of the Rings ဇာတ်လမ်းတွဲများဖြစ်သည်။ ယင်းဇာတ်လမ်းတွဲများသာမက အကူအပံ့ဖြစ်သော The Hobbit ကပါ ကမ္ဘာ့စာပေလောက၏ လေးစားခြင်းကို ခံရသော ကလေးစာပေတစ်ရပ် ဖြစ်လာလေသည်။ C. S. Lewis သည် တော်လ်ကင်၏ မိတ်ဆွေဖြစ်သည်။ အောက်စဖို့မှ ဘွဲ့ရခဲ့ပြီး ကင်းဘရစ်ချ် တွင် ပါမောက္ခအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။ ၁၉၅၀ တွင် စတင်ထုတ်ဝေခဲ့သော The Chronicles of Narnia ဇာတ်လမ်းတွဲများသည် အောင်မြင်မှု ရခဲ့သည်သာမက ဂန္ထဝင်ကလေးစာပေအဖြစ် ရပ်တည်ခဲ့သည်။

Rowling သည် သူ၏ လူမမာမိခင်ကြီးထံသို့အသွား ရထားပေါ်တွင် မှော်ဆရာလေးတစ်ယောက်အကြောင်း ဇာတ်လမ်းကို ဖန်တီးတွေးတောနေလေ့ရှိသည်။ ၁၉၉၃ မှစ၍ ယင်းဇာတ်လမ်းကို ရုပ်လုံးဖော်ရေးသားသည်။ ၁၉၉၆ တွင်မှ ထုတ်ဝေနိုင်ခဲ့သည်။ ထွက်ထွက်ချင်းပင် ဘက်ဆဲလားစာရင်းတွင် နံပတ်တစ်စွဲလေသည်။ Harry Potter and the Philosopher’s Stone စာအုပ်ဖြစ်သည်။ အချိန်တိုအတွင်း ဘာသာပေါင်းအမြောက်အများသို့ ပြန်ဆိုကြသည်။ မိမိ၏ ကလေးများကိုဖတ်ပြရင်း လူကြီးများပါ အကြိုက်တွေ့လာကြသည်။ နောက်ထွက်လာသော ဇာတ်လမ်းဆက်များသည် ယင်းဇာတ်လမ်းတို့၏ခိုင်မာလှသော ဇာတ်အိမ်၊ စေ့စပ်လှသော ဇာတ်ကွက်တို့ကို ပြဆိုလျက်ရှိသည်။ ဇာတ်ကောင်တစ်ဦးချင်းဆီ၏ စရိုက်ကိုလည်း ပီပြင်စွာ ရေးသားနိုင်သည်။ အင်္ဂလိပ်စာဆရာမ ဖြစ်ခဲ့ဖူးသူပီပီ စကားလုံးမထပ်အောင် ရေးသားနိုင်စွမ်းရှိသည်။ ယင်းစာအုပ်ကို အင်္ဂလန်ရှိကျောင်းအတော်များများတွင် ကျောင်းသုံးအဖြစ် ပြဌာန်းကြသည်။ ဟယ်ရီပေါ်တာ ဇာတ်လမ်းတွဲများအတွက် စာပေဆုများစွာကို ဆွတ်ခူးခဲ့သည်။

မြန်မာတွင်မူ ကလေးစာပေသည် ယနေ့ထက်တိုင် အားနည်းလျက်ရှိသည်ကို တွေ့နေရသည်။ သို့တိုင် ကလေးတို့အတွက် ကြိုးပမ်းခဲ့သော ပညာရှင်များရှိခဲ့သည့်အတွက် တော်ပေသေးသည် ဆိုရပေမည်။ ဒေါက်တာမောင်ဖြူးသည် ကလေးကဗျာများရေးရာတွင် ထင်ရှားသည်။ သူ့ကဗျာများကို မသိဘူးဆိုငြားအံ့။ သူငယ်တန်းဖတ်စာအုပ်ကို လှန်ကြည့်လိုက်ပါလေ။ မင်းသုဝဏ်သည်လည်း ကျေးလက်ကလေးကဗျာများကို ဂန္ထဝင်မြောက်ဖွဲ့ခဲ့သူဖြစ်သည်။ သူ့ကဗျာများကို မကြားဖူးသူ ရှားပါလိမ့်မည်။ သပြေသီးကောက်၊ ပန်းသည်၊ လယ်စောင့်တဲလေးစသည့်ကဗျာများသည် မြန်မာ့ဓလေ့ ကိုယ်စားကဗျာများအဖြစ်ပင် အသွင်ဆောင်နေပြီ ဖြစ်သည်။ မောင်မြကြိုင်၏ အညာသူမလေးညိုမ၊ ပျဉ်းမနားမောင်နီသင်း၏ ကလေးပုံပြင်များသည်လည်း ဂန္ထဝင်တင်ထိုက်လှသော ကလေးစာပေများပင်ဖြစ်သည်။

သို့ဖြစ်ရာ ဂန္ထဝင်ဖြစ်ခြင်းမဖြစ်ခြင်းကား လူပုဂ္ဂိုလ် တစ်ဦးတစ်ယောက် သို့မဟုတ် အဖွဲ့အစည်းတစ်စုံတရာ၏ သတ်မှတ်ချက်မဟုတ်။ အချိန်ကာလနှင့် ပရိတ်သတ်တို့ကသာ အဆုံးအဖြစ်ပေးသွားမည်ဖြစ်သည်။

Tags: , ,

· · · ◊ ◊ ◊ · · ·